“ကျွန်တော်အနေနဲ့ တောင်းဆိုချင်တာက ပြည်သူလူထုတွေ ဒီ၂၀၂၃ကိုတော့ အားတင်းထားပေးဖို့ တောင်းဆိုချင်တယ်။ ဒီတစ်နှစ်က ကျွန်တော်ရဲ့ တစ်ဦးတစ်ယောက်အမြင်ဆို ဒီ၂၀၂၃က အဖြေတော့ ကောင်းကောင်းကြီးပေါ်မယ်လို့ မြင်တယ်”
ပျံလွှားတပ်ဖွဲ့ဟာ စစ်အာဏာရှင်စနစ်ကို ရရာလက်နက်စွဲကိုင် တော်လှန်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခု ဖြစ်ပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်မှာ စစ်ရေးလှုပ်ရှားနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပျံလွှား တပ်ဖွဲ့ဟာ စစ်အာဏာရှင် ကျဆုံးရေးအတွက် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်နေတာပါ။ ဒါကြောင့် လက်နက်ကိုင် တော်လှန်ဖို့ ဆုံးဖြတ်ရတဲ့အခြေအနေ၊ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပြည်သူ တွေကို ဘာသတင်းစကားတွေ ပြောလိုက်ပါသလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကျားဖြူစစ်ကြောင်း၊ ကျားဖြူ တပ်ခွဲ – ၃၊ ဒုတိယတပ်ခွဲမှူးဖြစ်သူ ပျံလွှားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပျံလွှားနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်
ဗိုလ်ပျံလွှားအနေနဲ့ ဘယ်လိုခံယူချက်ကြောင့် တော်လှန်ရေးထဲ ပါဝင်ဖြစ်တာလဲ
တော်လှန်ရေးမှာ ဘယ်လိုပါဝင်လဲဆို ဆန္ဒပြတာကစတယ်။ ကျွန်တော်တို့ဒေသမှာက CDM တွေ တအားများ တယ်။ CDM တွေကို ကာကွယ်ရင်း၊ စောင့်ရှောက်ရင်းနဲ့ တော်လှန်ရေးကို ထဲထဲဝင်ဝင် လေးလပိုင်း၁ရက် နေ့မှာ မဖြစ်မနေသူတို့ကို ကာကွယ်ရမယ်ဆိုတဲ့အသိနဲ့။ တော်လှန်ရေးမဝင်ခင် ကျွန်တော်ကကျေးရွာရဲ့ ကာလ သားခေါင်းဆောင်၊ လူငယ်ဥက္ကဌပေါ့။ လူငယ်ပိုင်းဆိုင်ရာတွေက ကျွန်တော်ကို နားပူနားဆာလုပ်တာပေါ့။ လူ ငယ်တွေက ကာကွယ်ရမယ်ပေါ့။ ကာကွယ်ရင်းနဲ့ တော်လှန်ရေးကို ပါဝင်ဖြစ်သွားတယ်။ နောက် ကလေးတွေ ကိုလည်း မလွှတ်ချင်ဘူး။ ကလေးတွေက တအားငယ်ကြတယ်။ လေးလပိုင်း၁ရက်နေ့ KNU ပို့ချတဲ့သင်တန်းမှာ အကြီးဆုံးက ကျွန်တော်ပဲပါတယ်။
ကျွန်တော်က အသက်၄၃နှစ်ရှိပြီ။ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပဋိပက္ခတွေ အာဏာသိမ်းမှုတွေပေါ့၊ ကျွန်တော်တို့ တစ်ကိုယ်ရည်အမြင်နဲ့မဟုတ်ပဲ ကလေးတွေကို မြင်တဲ့အချိန်မှာ ဒီတော်လှန်ရေးမှာ ဒေသခံအဖွဲ့အစည်းအနေနဲ့ သူတို့ကို ဝိုင်းဝန်းထိန်းကျောင်းလို့မှ ရတော့မယ်ဆိုတဲ့ အသိပေါ့။ ကျွန်တော်တို့ အသိတွေ၊ ညီတွေ၊ သားတွေ ကောင်းမွန်စွာလမ်းကြောင်းမှန် ရောက်နိုင်အောင် ကျွန်တော်တို့ ဒေသမှာဘာတွေဖြစ်တတ်တယ်။ ဘာတွေရှိ တယ်ဆိုတာ ကျွန်တော်တို့ ပိုသိတယ်လေ။ နယ်မြေအနေအထားအရ ဒါတွေကို အမှားအယွင်းမရှိအောင် တတ် နိုင်သမျှ ထိန်းသိမ်းပေးနိုင်အောင် ပါဝင်ပေးတယ်။ ဒီတော်လှန်ရေးမှာ ဘာလို့ထဲထဲဝင်ဝင် ပါဝင်ရသလဲဆိုရင် ရှင်းရှင်းပြောရရင် မဟုတ်တာလုပ်လို့ပဲ။ မဟုတ်မမှန်တာကို မလုပ်သင့်တဲ့အရာကို ထလုပ်တော့ လူထုအနေနဲ့ ဘယ်လိုမှ ခံစားမနိုင်ဘူး။ ကလေးတွေကိုကြည့်ပြီး ပိုပြီးခံစားလို့ မရဘူး။ ကျွန်တော်မှာလည်း မိသားစုတွေရှိ တယ်။ စီးပွားရေးတွေ ရှိတယ်။ ဒါတွေကို စွန့်လွှတ်ပြီးတော့ အခုချိန်ထိ နှစ်နှစ်တာကာလအထိ ကြိုးစားအား ထုတ်နေဆဲပါ။ အောင်မြင်တဲ့အထိ ပန်းတိုင်ကိုလည်း ရောက်တဲ့အထိ ဆက်သွားဖို့အထိ ညီအစ်ကိုမောင်နှမ တွေ အားလုံးတိုင်ပင်ညှိနှိုင်းပြီးတော့ နေ့တိုင်းလို စကားပြောဖြစ်ကြတယ် မောင်နှမတွေလိုပဲ။
ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်သူတစ်ဦးအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ဘက်ကို ဘာကြောင့် ရွေးချယ်ဖြစ်တာလဲ။
ပထမကတော့ ကျေးရွာကာကွယ်ရေးအနေနဲ့လောက်ပဲ အနီးနားက ကျေးရွာတွေရဲ့ CDMတွေကို လက်နက် မကိုင်ပဲနဲ့ ပြောမယ်ဆိုရင် ကောင်းမွန်သောနည်းလမ်းနဲ့ ထိန်းသိမ်းပေးဖို့ပဲ။ ဒါပေမယ့် တဖက်က လက်မခံဘူး ဗျ။ ကျွန်တော်တို့က ရွေးချယ်စရာ ဒီထက်မရှိတော့ဘူးလေ။ လက်ဗလာနဲ့ဆို အသက်တွေများစွာ ပေးဆပ်ရ လိမ့်မယ်၊ တုတ်တုတ်ချင်း၊ ဓားဓားချင်း၊ သူတို့ဘာကိုင်လဲပေါ့။ ကိုင်တဲ့ဟာနဲ့ပဲ ခုခံချေပရင်းနဲ့ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ဖြစ်တယ်။
နောက်တစ်ခုက ဗိုလ်ပျံလွှားဟာ ပရဟိတလည်းလုပ်တယ်၊ ရွှေရင်ကျော်ဂိုဏ်းဆရာ တစ်ယောက်လည်း ဖြစ်တယ်ဆိုတော့ လက်နက်ကိုင်ရတော့ ဘယ်လို အခက်အခဲတွေ ကြုံရပါသလဲ။
ကျွန်တော်ကပြောရရင် ဂိုဏ်းဆရာတစ်ယောက်၊ ရွှေရင်ကျော်ဂိုဏ်းဆရာ တစ်ယောက်ပါ။ ကျွန်တော်မှာ တ ပည့်၄၀၊ ၅၀၊ ၆၀လောက်ရှိပါတယ်။ ဆရာတစ်ယောက်အနေနဲ့ ပယောဂတွေနဲ့ သာသနာ့အဆောက်အဦး သာသနာတည်တံ့အောင် လုပ်နိုင်တဲ့စွမ်းအင်နဲ့ လုပ်နေတဲ့အချိန်မှာ၊ ဒီလိုမျိုး လက်နက်ကိုင်တော်လှန်ရေး လုပ်ဖို့ဆိုတာလည်း တစ်ခါမှစိတ်ကူးမယဉ်မိဘူး။ တဖက်မှာလည်း ကောင်းမှုကုသိုလ်တွေများသလို ဂိုဏ်း နဲ့ပတ်သက်ပြီး ကျွန်တော်အနေနဲ့ ရင်းနှီးထားရတာလည်း နှစ်များစွာကြာပြီ။ လက်နက်ကိုင်ပြီး ပြန်ပြီးတော် လှန်ရတဲ့အခါ ကျွန်တော်အနေနဲ့ ဘယ်လိုပြောပြရမှန်းတောင်မသိဘူး။ တော်လှန်ရေးလမ်းစဉ်နဲ့ ပရဟိတက တအားမိုးနဲ့မြေလိုကွာတယ်။ ကျွန်တော်တို့လုပ်တဲ့ ပရဟိတက ဖြူစင်ဖြောင့်မတ်တည်ကြည် တဲ့ပုံစံနဲ့သွား နေတာ။
တော်တော်လေးကို ပြောင်းလဲရတယ်။ ကလေးတွေဒီအပတ်ဆို ကျဆုံးခဲ့တယ်။ ကျွန်တော့်ကလေးတစ် ယောက် ပထမဆုံးကျဆုံးခဲ့တယ်။ ပထမဆုံးကျဆုံးခြင်းပေါ့။ တိုက်တဲ့တိုက်ပွဲတိုင်းမှာ ဒဏ်ရာလောက်ပဲရခဲ့ တယ်။ ထိန်းထိန်းသိမ်းသိမ်းတိုက်ခဲ့တယ်။ နောက်မကျဆုံးအောင် ကျွန်တော်ကတော့ ဘီလူးဆိုင်းတီးတဲ့ ပုံစံမျိုးဖြစ်နေပြီ။ စိတ်ရိုင်းတွေလည်း ချက်ချင်းကြီး ကျွန်တော်မှာ ဝင်လာတယ်ပြောရမယ်။ ကူးပြောင်းရတာ တော်တော်ကြီးခက်နေတယ်။ ပရဟိတနဲ့တော်လှန်ရေးကြားမှာ ပြန်ပြောရရင် ပြောမတတ်အောင် အားလုံးကို ပေးဆပ်ရတာလို့ပဲ ပြောရမှာပေါ့။
ပျံလွှားတပ်ဖွဲ့အနေနဲ့ လတ်တလောမှာ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်နေရလဲ၊ ပြီးတော့ ရှေ့ဆက် ဘာတွေ ဆောင်ရွက်သွားဖို့ရှိနေလဲ
ကျွန်တော်တို့ တပ်ခွဲက ဒေသခံတိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းတာများတယ်။ ပြည်နယ်ကလာတာ နည်းတယ်။ ကျွန်တော်တို့ ရုပ်သံဖိုင်တွေ၊ မှတ်တမ်းတွေ အများကြီးအားဖြင့် မတင်ဖြစ်ဘူး။ စိုးရိမ်လို့မဟုတ်ဘူး။ တဖက်ရန် သူနဲ့က ချောင်းပဲခြားတယ်။ ကျွန်တော်တို့ရှေ့တန်းသွားတဲ့အချိန်မှာ မိသားစုဝင်တွေ၊ အလှူရှင်တွေကို အချိန် ပြည့်ဆွဲနိုင်တဲ့အတွက် ဒါကြောင့် ကျွန်တော်တို့ ၂နှစ်တာကာလအတွင်း ကျွန်တော်တို့ဆီမှာ ဝင်ရောက်နှောင့် ယှက်တာတွေ မရှိဘူး။ ထိန်းထိန်းသိမ်းသိမ်းနေလို့ရတယ်။ ကျွန်တော်တို့ အားနည်းချက်က ကျွန်တော်တို့က အလှူရှင်တွေပင့်ပြီး မဖိတ်ခေါ်တဲ့အတွက် တအားကြီးခက်ခဲတယ်။ ကျွန်တော်တို့ ပျံလွှားတပ်ခွဲက ဘုန်းကြီး ကျောင်းမှာ ဟင်းကျန်ဆွဲစားရတယ်။ အဲဒီလောက်အထိ ခက်ခဲခဲ့တယ်။ အစားအသောက်အငတ်ခံပြီး လိုအပ် တဲ့ လက်နက်ခဲယမ်းကို ပြည့်စုံအောင် စုနိုင်ခဲ့တယ်။ အဲဒီလိုဒုက္ခခံလို့လည်း တိုက်မယ်ဆို အဆင်သင့်ဖြစ်နေ သလောက် ဖြစ်နေတာ။ ဒါပေမယ့် လိုအပ်ချက်ကတော့ အများကြီးရှိပါသေးတယ်။ စနိုက်ပါသေနတ်တွေ ကောင်းကောင်းမွန်မွန် မရှိသေးဘူး။ လိုချင်တာက စနိုက်ပါတစ်လက် ကောင်းကောင်းမွန်မွန်လိုချင်တယ်။ ကျွန်တော်တို့အခုပစ်နေတဲ့ စနိုက်ပါက သူများပစ်ပြီးသား အဟောင်းတွေဆိုတော့ ပစ်ကွင်းလည်း မမှန်ဘူး။ ကျွန်တော်တို့မှာ အဲဒီအားနည်းချက်တော့ ရှိတယ်။ လက်နက်ခဲယမ်းကတော့ ကျွန်တော်တတ်နိုင်သမျှ ကြိုး စားပြီး ကျွန်တော့်ရဲဘော်တွေကို ဖြည့်စွက်ပေးတယ်။ လုံလောက်အောင်လည်း ပံ့ပိုးပေးတယ်။ လစဉ်အလှူရှင် မျိုး ကျွန်တော်တို့မှာ ယနေ့အချိန်အထိ မရှိသေးဘူး။ ဒီအတိုင်းပဲရပ်တည်လာတာ။
နောက်ဆုံးအနေနဲ့ ပြည်သူတွေကို ဘာတွေများ ပြောပြချင်တာရှိမလဲ
ကျွန်တော်တို့လည်း ပြည်သူလူထုကို တအားကြီးအားနာတယ်ဗျ။ အားနာတယ်ဆိုတာ ၂နှစ်အတိုင်းအတာမှာ ပြည်သူလူထုရဲ့ အားအင်တွေက ကုန်ခမ်းတဲ့ပမာဏကို ရောက်နေပြီ။ သူတို့မှာရှိတဲ့ အသွေးအသားတွေ အကုန်လုံး အားထုတ်ထားတာ ကျွန်တော်တို့နားလည်တယ်၊ သဘောပေါက်တယ်။ ကျွန်တော်တို့လည်း ခန့်မှန်းလို့ရတယ်။ ကျွန်တော်အနေနဲ့ တောင်းဆိုချင်တာက ပြည်သူလူထုတွေ ဒီ၂၀၂၃ကိုတော့ အားတင်းထား ပေးဖို့ တောင်းဆိုချင်တယ်။ ဒီတစ်နှစ်က ကျွန်တော်ရဲ့ တစ်ဦးတစ်ယောက် အမြင်ဆို ဒီ၂၀၂၃က အဖြေတော့ ကောင်းကောင်းကြီး ပေါ်မယ်လို့ မြင်တယ်။