ချင်းမိုင်၊ ဧပြီ(၉)
လေထုညစ်ညမ်းမှုဟာ ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ အတိုင်းအတာအထိ မြင့်တက်လာတာကြောင့် ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်းမြို့တော် ချင်းမိုင်ရှိ ပြည်သူတွေကို အိမ်ထဲမှာပဲ နေထိုင်ဖို့နဲ့ Work from Home လုပ်ကြဖို့ အာဏာ ပိုင်တွေက ဧပြီလ ၇ ရက်နေ့မှာ တောင်းဆိုခဲ့ပါတယ်။
တောင်မီးလောင်တာနဲ့ တောင်ယာမီးရှို့ရာကနေ ထွက်ပေါ်လာတဲ့ အခိုးအငွေ့တွေဟာ ခရီးသွားတွေကြားမှာ ရေပန်းစားလေ့ရှိတဲ့ ချင်းမိုင် မြို့တော်ရဲ့ လေထုထဲမှာ ဖုံးအုပ်သွားခဲ့တာဖြစ်ပါတယ်။
သောကြာနေ့ မနက်အတွင်း လေထုစောင့်ကြည့်ရေးဝက်ဘ်ဆိုဒ် IQ Air ရဲ့ အဆင့်သတ်မှတ်ချက်အရ ပုံမှန် လေထုညစ်ညမ်းတဲ့ မြို့တွေဖြစ်တဲ့ ဒေလီတို့ လာဟိုးတို့လို မြို့တွေထက် ချင်းမိုင်မြို့ဟာ ကမ္ဘာပေါ်မှာ လေထု အညစ်ညမ်းဆုံးမြို့ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
ချင်းမိုင်ခရိုင်ဒေသန္တရ အုပ်ချုပ်သူရှိ အရာရှိကတော့ PM 2.5 အမှုန်အမွှားတွေကနေ မိမိကိုယ်ကို ကာကွယ်ဖို့နဲ့ ကျန်းမာရေးဆိုးကျိုးကို လျှော့ချဖို့အတွက် အိမ်ထဲမှာသာနေထိုင်ပြီး Work From Home ပြုလုပ်ကြဖို့ တောင်း ဆိုချက်ကို ထုတ်ပြန်ခဲ့တာပါ။
ထိုင်းနိုင်ငံဟာ အခုနှစ် အစကတည်းပင် လေထုညစ်ညမ်းလျှက်ရှိပြီး ရာသီပေါ်စိုက်ပျိုးလယ်ယာတွေကို မီးရှို့ခြင်းဟာလည်း တစိတ်တပိုင်းပါဝင်နေတာ ဖြစ်ပါတယ်။
ပြည်သူကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ်အတွင်း လေထုညစ်ညမ်းမှု ကြောင့်ဖြစ်ရတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ အခြေအနေတွေအတွက် လူ ၂ မီလီယမ် နီးပါး ဆေးရုံတက်ကုသခဲ့ရတယ်လို့လည်း သိရပါတယ်။
တောမီးလောင်ခြင်းတွေကလည်း ချင်းရိုင်းနဲ့ ချင်းမိုင်အရှေ့မြောက်ပိုင်းအတွင်း လေထုညစ်ညမ်းရခြင်းရဲ့ အကြောင်းအရင်းဖြစ်နေတာပါ။
ဒါ့အပြင် မြောက်ပိုင်းမြို့တော်တွေအတွင်း လေထုညစ်ညမ်းမှုကြောင့် ခရီးသွားဧည်သည့်တွေ ဝင်ရောက်မှု နည်းပါးပြီး ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ ချင်းမိုင်ခရီးသွားလုပ်ငန်းစီးပွားရေး အသင်းရဲ့ ဒုတိယ ဥက္ကဌ က ပြောကြားခဲ့ပါတယ်။
လေထုညစ်ညမ်းမှုပြဿနာအတွက် ဝန်ကြီးချုပ်ပရရွတ်ဟာ မြန်မာနဲ့ လာအိုအိမ်နီးချင်းတွေနဲ့ အတူ ဗီဒီယို ကောလ်ခေါ်ဆိုမှုဖြင့် အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး လာအိုမိတ်ဖက် ဆိုနစ်ဇေနဲ့ မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တက်ရောက်ခဲ့တယ်လို့ ပရာရွတ်ရဲ့ ရုံးက ပြောကြားခဲ့ပါတယ်။
ပရရွတ်အနေနဲ့ နောက်လာမယ့် အာဆီယံအစည်းအဝေးမှာ နယ်စပ်ဖြတ်ကျော် လေထု ညစ်ညမ်းမှုကိစ္စကို ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ထိုင်းဝန်ကြီးချုပ် ပရာရွတ်၊ လာအိုမိတ်ဖက်တို့နဲ့ အစည်းအဝေး မှာ စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်းမှ ထွက်တဲ့ ဓါတ်ငွေ့တွေကို ဖြတ်တောက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး ဆောင်ရွက်မှုတစုံတရာအတွက် တိကျတဲ့ သဘောတူညီချက်တွေတော့ မပါဝင်ခဲ့သေးဘူးလို့ သိရပါတယ်။
Ref, Straits Times