လွိုင်ကော်၊ ဧပြီ(၈)
အရေးပေါ်ကာလ သက်တမ်းထပ်တိုးထားတဲ့ စစ်ကောင်စီဟာ အခုနောက်ပိုင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေအတွင်း မြေပြင်ဆုံးရှုံးမှုများလာတာနဲ့အမျှ လေကြောင်းတိုက်ခိုက်မှုတွေကို အပြင်းအထန်အသုံး ပြုလာတယ်လို့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နိုင်ငံဟာ သာမာန်အခြေအနေ မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ အရေးပေါ်ကာလ ခြောက်လသက်တမ်းထပ်တိုးထားတဲ့ စစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်းက တိုက်ပွဲတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကို အပြင်းအထန် အသုံးပြုလုပ်လာတာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ဖေဖော်ဝါရီနှောင်းပိုင်းကစပြီး တော်လှန်ရေးအင်အားစု အားကောင်းတဲ့ ကချင်၊ကယား၊ကရင်၊ ချင်းနဲ့ အညာဒေသတွေ ဖြစ်တဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့ကို ဖိနှိပ်ဖို့အတွက် အင်အားအလုံးအရင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေသလို တိုက်ပွဲတွေအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကို အဓိကအသုံးပြုလာတာပါ။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကတော့ ကယားပြည်နယ် တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အထိနာလာတဲ့အတွက် သေနတ်သံကြားတာနဲ့ လေယာဉ်တက်လာပြီး လာရောက်တိုက်ခိုက်တဲ့ အခြေအနေထိ ဖြစ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“၂၀၂၃ခုနှစ်မှာ လေကြောင်းအသုံးပြုတိုက်ခိုက်မှုက လုံးဝကို ခပ်စိပ်စိပ်လို့ ပြောလို့ရတယ်။ တိုက်ပွဲတွေထဲမှာ ဆိုရင် သေချာတယ်ဗျာ။ ဒီမှာက တိုက်ပွဲတွေဖြစ်ရင် စစ်ကောင်စီက နည်းနည်းလေးအထိနာများတယ်။ နေ့စဉ်လိုလို အထိနာများတယ်။ ဒီတော့တိုက်ပွဲဖြစ်ပြီ သေနတ်သံပေါက်ပြီဆိုတာနဲ့ လက်နက်ကြီးတွေပစ်မယ်။ လက် နက်ကြီးကိုလည်း အရမ်းအများကြီးသုံးတယ်။ နောက်ပိုင်းမှာ လက်နက်ကြီးတွေသုံးတဲ့အပြင်ကို လေယာဉ်ပါ တောက်လျှောက်သုံးလာတယ်ပေါ့နော်။တစ်ခါခါလာပြီဆိုရင် နှစ်စီးလောက်လာတယ်။ တစ်စီးကိုငါးကြိမ် လောက် ပစ်ရင်ပစ်တယ်။ ဒါမှမဟုတ်လည်း တစ်စီးတည်းကနေပစ်သွားတာမျိုးတွေလည်း ရှိတယ်။ အနည်းဆုံးတော့ တစ်ခါလာရင် ငါးကြိမ်လောက်ပစ်တာမျိုးတွေလုပ်တယ်” လို့ ပြောပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်က NUG ၊ PDF ပံ့ပိုးကူညီနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တချို့ကို ပြတ်ပြတ်သားသား အရေးယူမယ်လို့ ပြောဆိုပြီးနောက် ဒီနေ့အချိန်ထိ နေ့စဉ်နဲ့အမျှ လေကြောင်း တိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာသလို မီးလောင်ဗုံးအသစ်တွေကိုပါ စမ်းသပ်အသုံး ပြုလာတာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအအရ အရေးပေါ်ကာလသက်တမ်းထပ်တိုးတဲ့ ဖေဖော်ဝါရီနဲ့ မတ်လအတွင်း စစ်ကောင်စီဟာ နိုင်ငံဝတဝန်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀၀ ထက်မနည်း ပြုလုပ်ထားသလို ထူးခြားမှုအနေနဲ့ မြေပြင်နဲ့လေကြာင်း ပူးတွဲ စစ်ဆင်ရေးတွေကိုပါ လုပ်ဆောင်နေပါတယ်။လေကြောင်း ရန်ကာကွယ်ရေးတပ် CDM တပ်ကြပ်ကြီးဇေယျကတော့ စစ်အုပ်စုဟာ နယ်မြေစိုးမိုးနိုင်ရေး အတွက် လေကြောင်းတိုက်ခိုက်မှုတွေကို အခုထက်ပိုမို အရှိန်အဟုန် မြှင့်တင်လာနိုင်တယ်လို့ သုံးသပ်တာပါ။
“သူလုပ်မယ်ဆိုတာက လေကြောင်းကနေ နောက်တန်းဌာနချုပ်တွေကို ဗုံးကြဲမယ်။ သူ့ကိုဆန့်ကျင်တဲ့ မြို့ တွေ၊ ရွာတွေကို ကြဲမယ်။ ဒါပဲသူလုပ်လို့ရမှာ။ အစောကြီးကတည်းကပြောတယ်။ သူ့မှာလုပ်နိုင်စွမ်းဆိုတာက လေတပ်ကို အားကိုးပြီးတော့မှ ဗုံးကြဲတဲ့အလုပ်ပဲ သူကလုပ်မှာ။ ဒါကျွန်တော်တို့ဒီဘက်က တော်တော်များ များအကုန်လုံးက သိတယ်ပေါ့နော်။ ဒါပေမယ့် ခုနတုန်းက စစ်ကိုင်းလိုနေရာမျိုးတွေကတော့ သူ့အတွက်အ ရေးပါတဲ့ ကာကွယ်ရမယ့် အခုဆိုရေတာရှည်လိုနေရာမျိုးတွေ၊ ဒါနေပြည်တော်နဲ့ နီးတယ်။ နောက်ပြီးတော့ ကရင်နီလို နေရာမျိုးတွေ၊ မဟာဗျူဟာအရ သူ့အတွက်ကာကွယ်ရမယ့် နေရာမျိုးတွေတော့ သူအင်အား တွေပိုပြီးထိုးလိမ့်မယ်” လို့ ဆိုပါတယ်။
တဖက်မှာတော့ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်နိုင်ဖို့အတွက် ပါကစ္စတန် လေတပ်ရဲ့ နည်းပညာအဖွဲ့တစ်ဖွဲ့ကိုခေါ်ယူပြီး တိုက်ခိုက်ရေး လေယာဉ်တွေ ပြုပြင်မွမ်းမံတာတွေ လုပ်ဆောင်နေတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ နွေဦးတော်လှန်ရေးကို ဖိနှိပ်ဖို့အတွက် တိုက်ခိုက်လေယာဉ်တွေမှာ SU-30၊MiG-29၊ JF-17 နဲ့ Yak -130 တို့ကို အများဆုံး အသုံးပြုလာတယ်လို့ လေယာဉ်ကျွမ်းကျင်သူတွေ ဆိုပါတယ်။
စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေကတော့ စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်ကို လေကြောင်း စစ်ဆင်းရေးနှစ်အဖြစ် သတ်မှတ်ထားတယ်လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေထဲမှာ ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ် ကုန်းသာရွာ ၊ က ချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါ၊ စစ်ကိုင်းတိုင်း လက်ယက်ကုန်းကျေးရွာတွေမှာ အရပ်သားပြည်သူတွေ အစုံအလိုက် အပြုံအလိုက် သေဆုံးတာတွေ ရှိခဲ့တာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအကြိမ် ၆၅၀ ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNDF