နေပြည်တော် ၊ ဧပြီ (၈)

တိုင်းပြည်စီးပွားရေး ဆိုးရွားစွာကျဆင်းပေမယ့် လူတစ်ဦးချင်းစီရဲ့ ပျမ်းမျှထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP) ကို နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၂၄ သိန်းကျော် ဖြစ်ပေါ်လာဖို့ ရည်မှန်းတဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကို စစ်ကောင်စီက ဧပြီ ၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေးရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတို းတက်ဖို့နဲ့ ပြည်သူကိုဗဟိုပြုပြီး အားလုံးပါဝင်နိုင်တဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေဖို့ ရည်ရွယ်တယ်ဆိုပြီး စစ်ကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဒီဥပဒေကို ပြဌာန်းတာလို့ ဆိုပါတယ်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကို အခုနှစ် ဧပြီ ၁ ရက်နေ့ကစပြီး အာဏာ တည်စေမှာ ဖြစ်သလို ဘဏ္ဍာရေးနှစ်ကိုတော့ ဧပြီလဆန်းကနေ မတ်လကုန်အထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

စီမံကိန်းရည်မှန်းချက်တွေအနေနဲ့ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး GDP ကို ပုံမှန်ဈေးနှုန်း အရ ၄ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ဖို့နဲ့ ကဏ္ဍအလိုက် တိုးတက်မှုနှုန်းတွေမှာတော့ အနိမ့်ဆုံး ၂ ဒဿမ ၁ ရာခိုင်နှုန်းကနေ အမြင့်ဆုံး ၁၇ ရာခိုင်နှုန်းအထိ တိုးတက်ဖို့ မျှော်မှန်းထားတာပါ။

စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ ပြည်ပပို့ကုန်ကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၆,၅၀၀ တင်ပို့ဖို့နဲ့ ပြည်ပသွင်းကုန်ကိုတော့ အမေရိကန်ဒေါ်လာ သန်း ၁၆,၀၀၀ ဖိုး တင်သွင်းဖို့ကိုလည်း ရည် မှန်းချက်အနေနဲ့ ပြဋ္ဌာန်းထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုတွေကြားမှာ ကုန်ပစ္စည်းတွေကို ပြည်ပကနေ ဝယ်ယူတင်ပို့ဖို့ အိမ်နီးချင်းနိုင်ငံတွေလောက်သာရှိပြီး တောက်လျှောက်ထုတ်လုပ်ဖို့ ခက်ခဲတဲ့အတွက် မျှော်မှန်းတာ မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။

“လက်ရှိအနေအထားအရ မြန်မာနိုင်ငံရဲ့ ထုတ်ကုန်ကရှိနေတဲ့ နိုင်ငံရေးအခြေအနေ၊ နိုင်ငံရေးအရှုပ်အထွေးတွေကြားထဲမှာ နိုင်ငံတော်တော်များများရဲ့ ပိတ်ဆို့အရေးယူမှု ခံထားရတယ်။ အဲဒီအတွက်ကြောင့် ပြည်တွင်း ထုတ်ကုန်တွေကို ဝယ်ကြ၊ ပို့ကြမယ်ဆိုရင် အိမ်နီးချင်း တရုတ်၊ ထိုင်းနဲ့ အိန္ဒိယလောက်ပဲ မျှော်မှန်းစရာ ရှိ တယ်။ အဲဒီနိုင်ငံတွေကလည်း မြန်မာနိုင်ငံက ထုတ်ကုန်တွေကို လိုလိုလားလား ဝယ်ယူဖို့ အင်မတန်ရှား တယ်။ သဘာဝတွင်းထွက်ပစ္စည်းတွေကလွဲရင်ပေါ့။ အဲဒီတွင်းထွက်ပစ္စည်းဆိုင်ရာတွေလည်း ကန့်သတ်မှုတွေ အများ ကြီးရှိတယ်။ အခုလက်ရှိ မတည်မငြိမ်ဖြစ်နေတဲ့ဟာတွေ နောက်စစ်မက်အရေးဖြစ်နေတဲ့ကြားထဲမှာ ထုတ်လုပ်မှုတွေကို တည်တည်ငြိမ်ငြိမ်နဲ့ တောက်လျှောက် အစဉ်အဆက်မပြတ် ထုတ်လုပ်ဖို့ အင်မတန်ခက်ခဲပါတယ်။ အဲဒီတော့ ဖြစ်နိုင်ဖို့ အင်မတန်ဝေးတယ်လို့ ပြောရမှာပေါ့” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် လျှပ်စစ်မီးအချိန်ပြည့်မရရှိတဲ့အတွက် ကဏ္ဍအလိုက် ပြည်တွင်းထုတ်ကုန်တွေတက်ဖို့ အင် မတန်ခက်ခဲသလို လုပ်ငန်းလည်ပတ်ဖို့နဲ့ ဝင်ငွေတွေတိုးလာဖို့ ခက်လိမ့်မယ်လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးဝါးလာသလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကလည်း လျော့ကျလာပြီးရှိနှင့်ပြီးသား ပြည်ပကုမ္ပဏီတွေလည်း တစ်စစထွက်ခွာသွားကြတာပါ။

ဒါပေမဲ့ စစ်ကောင်စီကတော့ တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းမှာ ၄ ရာခိုင်နှုန်း၊မကွေးတိုင်းမှာ ၂ ဒဿမ ၅ ရာခိုင်နှုန်း၊ ချင်းပြည်နယ်မှာ ၄ ဒဿမ ၂ ရာခိုင်နှုန်း၊ ကယားပြည်နယ်မှာ ၄ ဒဿမ ၅ ရာခိုင်နှုန်းနဲ့ ကရင်ပြည် နယ်မှာတော့ ၃ ဒဿမ ၆ ရာခိုင်နှုန်း တိုးတက်ဖို့ စီမံကိန်းဥပဒေမှာ ပြဌာန်းထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွား ရေးဟာ စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကြာတဲ့အထိ ပဋိပက္ခတွေနဲ့ ရုန်းကန်နေရတဲ့ အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ကုန်ထုတ်လုပ်မှုမှာလည်း ၂၀၁၉ ခုနှစ်ထက် များစွာနိမ့်ကျနေဦးမှာဖြစ်ပေမယ့် ၂၀၂၃ ခုနှစ် စက်တင် ဘာမှာ ကုန်ဆုံးမယ့် ဘဏ္ဍာနှစ်မှာ GDP ဟာ ၃ ရာခိုင်နှုန်းခန့် တိုးလာနိုင်ပြီး လူတစ်ဦးချင်းစီရဲ့ GDP ကလည်း ၂၀၁၉ ကထက် ၁၃ ရာခိုင်နှုန်း လျော့ကျနေဆဲဖြစ်မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MBT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.