မင်္ဂလာပါရှင့်။
သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “NLD ပါတီအမှတ်တံဆိပ်များကို အသုံးပြုပါက ဖမ်းဆီးမည်”ဆိုတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို မှိုင်းဝေတယ်လီဝရမ်အကောင့်ကနေ ဧပြီလ(၃)ရက်နေ့မှာ ဖြန့်ဝေတာကို တွေ့ရပါတယ်။
စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့ “NLD ပါတီအမှတ်တံဆိပ်များကို အသုံးပြုပါက ဖမ်းဆီးမည်”ဆိုပြီး ဓာတ်ပုံတွေနဲ့ အတူစစ်ကောင်စီလော်ဘီတွေက အွန်လိုင်းမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။
တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု၊ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။
ဖြစ်စဉ်အမှန်ကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပြန်လည်မှတ်ပုံမတင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ၄ဝ ကို ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၈ ရက်နေ့ညမှာ ကြေညာ ချက်သာထုတ်ပြန်ခဲ့ပြီး NLDပါတီ Logoကိုအသုံးပြုသူတွေကို ဖမ်းဆီးမယ်ဆိုတဲ့ထုတ်ပြန်ချက်ကို ထုတ်ပြန်ထားခြင်း မရှိသေးတာကို လွတ်လပ်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ စိစစ်တွေ့ရှိရပါတယ်။
RFAသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထုတ်ပြန်ချက်လင့်
Myanmar nowသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်
ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “NLD ပါတီအမှတ်တံဆိပ်များကို အသုံးပြုပါက ဖမ်းဆီးမည် ” ဆိုတဲ့ ဓာတ်ပုံပါ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ် ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်