လိပ်သို၊ ဧပြီ(၇)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၂)နယ်မြေ လိပ်သိုမြို့နယ်ထဲမှာ စစ်ကြောင်းထိုးလာတဲ့ စစ် ကောင်စီတပ်က ဒေသခံ၁၆ ဦးကို ပေါ်တာအဖြစ် ဖမ်းဆီးသွားသလို ဒေသခံတစ်ဦးကိုလည်း သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၂၇)ရက်နေ့ကစပြီး တပ်မဟာ(၂)နယ်မြေဖြစ်တဲ့ လိပ်သိုမြို့နယ်ထဲက မြသာကုန်းကျေးရွာ အနောက်ဘက်ခြမ်းကျေးရွာတွေကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် မတ်လ(၃၁)ရက်နေ့ ညပိုင်းကလည်း စစ်ကောင်စီတပ်နဲ့ KNLA PDF ပူးပေါင်းတပ်တို့အကြား ပစ်ခတ်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့ သံမိုးတောင်ကျေးရွာက ဒေသခံတွေရဲ့ နေအိမ်(၄) လုံးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အခုလ ဧပြီလ(၃)ရက်နဲ့ (၄)ရက်နေ့တုန်းကလည်း ကျောက်တံခါးကျေးရွာအုပ်စု မြသာကုန်းအနောက်ခြမ်းရှိ လက်ပံဖြူရွာမှာ စစ်ကောင်စီတပ်က ဒေသခံနေအိမ်တချို့ကို ရိုက်ချိုးဖျက်ဆီးခဲ့ပြီး ဆိုင်ကယ် (၅)စီးနဲ့ ပစ္စည်းတွေကို ယူဆောင်သွာခဲ့သလို လက်ပံဖြူကျေးရွာက လူငယ်အမျိုးသားတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဒေသခံရွာသား(၁၆)ဦးကိုလည်း စစ်ကောင်စီတပ်က လမ်းပြပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး (၇)ဦးကိုတော့ ဧပြီလ(၅)ရက်နေ့ မနက်(၈)နာရီအချိန်က ပြန်လွှတ်ပေးခဲ့ကာ ကျန် ၉ ဦးကို ဆက်လက်ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားပြီး လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရေးဝင်ရောက် လှုပ်ရှားမှုတွေကြောင့် လိပ်သိုမြို့နယ် ကျောက်တံခါးကျေးရွာအုပ်စု မြသာကုန်းနဲ့ ကျောက်ဖျာအထက်ရှိ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ နေရာထိုင်ခင်းစတဲ့ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ တာဝန်ခံတစ်ဦးထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -KHRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.