မြဝတီ၊ ဧပြီ(၇)

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြို့သစ်အနီး စစ်ကောင်စီ BGF ပူးပေါင်းတပ်နဲ့ တော်လှန် ရေး တပ်ပေါင်းစုတို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်သူ ၆၀၀၀ ကျော်အထိ တိုးလာတယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ စာရင်းအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ(၅)ရက်နေ့က ရွှေကုက္ကိုလ်မြို့သစ်အနီး ထိကော်ထောကျေးရွာနဲ့ ရွှေကုက္ကိုလ်-မြဝတီ ကားလမ်း ဟောင်းပေါ်ရှိ BGF ရဲ့ ဂိတ်စခန်း(၂)ခုကို တော်လှန်ရေးအင်အားစုအဖွဲ့တွေက ဝင်ရောက်သိမ်းပိုက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲဟာ ဒီနေ့ ဧပြီ(၆)ရက်နေ့မှာလည်း စစ်ကောင်စီ BGF ပူးပေါင်းတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတို့အကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသလို နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် မြဝတီမြို့အနီးရှိ KNU တပ်မဟာ(၆)နယ်မြေ သင်္ဃန်းညီနောင်ရွာသစ် မဲကနယ်ဒေသဘက်မှာလည်း စစ်ကောင်စီ BGF ပူးပေါင်းတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာမှုတွေ ဆက်လက်ဖြစ်ပွားနေသလို ဧပြီ(၅)ရက်နေ့က စစ်ကောင်စီတပ်က အတွင်းမဲကနယ်၊ အပြင်မဲကနယ်ကျေးရွာတွေဘက်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဒေသခံပြည်သူတွေ ရွာလုံးကျွတ်ထွက် ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ ဆေးဝါးနဲ့နေရာထိုင်ခင်းတွေ အရေးပေါ်လိုအပ်လျက်ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်တွေထဲမှာ မတ်လကုန်ပိုင်းကစပြီး စစ်ကောင်စီ BGF ပူးပေါင်းတပ် နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပြီး တိုက်ပွဲကြောင့် အရပ်သားထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

ကော့ကရိတ်မြို့နယ်ထဲမှာ အခုရက်ပိုင်းထဲ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား ဖြစ် ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ကလေး(၂)ဦးအပါအဝင် ဒေသခံပြည်သူ(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်(၂) လုံးလည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

NUG၊ PDF အဖွဲ့တွေကို လက်ခံကူညီပေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ကို ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ မတ်လ(၂၇)ရက်နေ့ စစ်ကောင်စီ တပ်မတော်နေ့အခမ်းအနားမှာ စစ်ခေါင်းဆောင်ကပြောဆိုပြီးနောက် ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေထဲမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.