မော်လမြိုင် ၊ ဧပြီ (၇)မွန်လူငယ်မူဝါဒမှာပါဝင်တဲ့ ကဏ္ဍကြီး ၁၁ ခုထဲက ကဏ္ဍ ၅ ခုကို အကောင်အထည်ဖော်ဖို့အတွက် မဟာဗျူဟာနဲ့ နည်းဗျူဟာတွေကို ရေးဆွဲအတည်ပြုခဲ့တယ်လို့ မွန်လူငယ်ဆုံရပ်၊ ဦးဆောင်ကော်မတီ အတွင်းရေးမှူး နိုင်ဂျိကျွမ်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မွန်လူငယ် မဟာဗျူဟာကို အတည်ပြုဖို့ ပြီးခဲ့တဲ့ မတ် ၂၅ ရက်နဲ့ ၂၆ ရက်နေ့တို့မှာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ မွန်လူငယ်ဆုံရပ်ကနေ အစည်းအဝေးခေါ်ယူပြီး ကဏ္ဍ ၅ ခုကို ရေးဆွဲအတည်ပြုခဲ့တာပါ။
မဟာဗျူဟာအဖြစ် အတည်ပြုရေးဆွဲခဲ့တဲ့ ကဏ္ဍ ၅ ခုမှာတော့ လူငယ်နဲ့ နိုင်ငံရေး၊ လူငယ်နဲ့ လုံခြုံ ရေး /ငြိမ်းချမ်း ရေး၊ လူငယ်နဲ့ ပညာရေး၊ လူငယ်နဲ့ မူးယစ်ဆေးဝါးအပါအဝင် လူငယ်နဲ့ စာပေယဉ် ကျေးမှုတို့ ပါဝင်ပါတယ်။
အတည်ပြုရေးဆွဲလိုက်တဲ့ မဟာဗျူဟာတွေကိုတော့ လာမယ့်မေလမှာ စတင်အကောင်အထည်ဖော်သွားဖို့ စီစဉ်ထားပြီး လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ရာမှာလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ နိုင်ဂျိကျွမ်းက ပြောပါတယ်။
“အဲဒီထဲမှာ ကျွန်တော်တို့ ရေးဆွဲလိုက်တဲ့ မဟာဗျူဟာလုပ်ငန်းစဉ်တွေက အများကြီးရှိတဲ့အထဲမှာမှ ကျွန်တော် တို့က အဓိက ဦးစားပေး ၁၊ ၂၊ ၃ ဆိုပြီးတော့ ရွေးထုတ်လိုက်တယ်။ ဦးစားပေး ၁ အနေနဲ့ လာမယ့် မေလ လောက်မှာ စတင်အကောင်အထည်ဖော်တာ ရှိမယ်။ နောက်တစ်ခြားအချက်တွေကျတော့ လူငယ်ဆုံရပ်အ နေနဲ့ ကျွန်တော်တို့မလုပ်နိုင်တဲ့အပိုင်းတွေဖြစ်ဖြစ်၊ ကျွန်တော်တို့ လုပ်ဖို့ အချိန်ကန့်သွားတဲ့ အပိုင်းဖြစ်ဖြစ် အဲဒါတွေကျတော့ သက်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သွား ရောက်ဆွေးနွေးပြီး သူတို့နဲ့ မဟာဗျူဟာအပိုင်း ဆောင်ရွက်ဖို့ စည်းရုံးရေးအနေနဲ့ စီစဉ်ထားတာ ရှိတယ်”လို့ ဆိုပါတယ်။
ကျန်ရှိနေတဲ့ လူငယ်မူဝါဒရဲ့ ကဏ္ဍ ၆ ခုကိုတော့ မဟာဗျူဟာနဲ့ နည်းဗျူဟာအဖြစ် ရေးဆွဲအကောင် အထည်ဖော်နိုင်ဖို့ ကော်မတီတစ်ရပ် ဖွဲ့စည်းထားသလို လာမယ့်ဇွန်လလောက်မှသာ ရေးဆွဲနိုင်မယ်လို့ ခန့်မှန်းထားကြောင်းနဲ့ အခုနှစ် ဒီဇင်ဘာမတိုင်မီ အပြီးသတ်ရေးဆွဲနိုင်ဖို့ အစီအစဉ်ချထားတယ်လို့ နိုင်ဂျိကျွမ်းက ရှင်းပြပါတယ်။
ဒါပေမဲ့ လက်ရှိနိုင်ငံတွင်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုတွေကြောင့် မွန်လူငယ်မူဝါဒရဲ့ လုပ်ငန်းစဉ်တချို့ကို အကောင်အထည်ဖော်ဖို့ အခက်အခဲရှိပေမယ့် လုပ်နိုင်တဲ့အပိုင်းတွေကို ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ သူက ဆိုပါတယ်။
“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့လုပ်နိုင်တဲ့ ပညာပေးတဲ့အပိုင်းလား၊ ဒါမှမဟုတ် ဒေတာအချက်အ လက် ကောက်ခံတဲ့အပိုင်းတွေလား စသဖြင့်ပေါ့။ အဲဒါတွေကို ကျွန်တော်တို့ရဲ့ ပုဂ္ဂိုလ်ရေး လုံခြုံရေးအပေါ် အခြေခံပြီးတော့ လုပ်လို့ရတဲ့ အပိုင်းကျလုပ်သွားမှာပါ။ လုပ်တဲ့ဧရိယာကလည်း တကယ့် လုံခြုံတဲ့နေရာမှာပဲ အဓိကထားပြီး လုပ်ဆောင်သွားမှာပါ” လို့ နိုင်ဂျိကျွမ်းက ပြောပါတယ်။
မွန်လူငယ်မူဝါဒကိုတော့ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ ၂၇ ရက်နေ့ကနေ ၂၉ ရက်ထိ မွန်ပြည်သစ်ပါတီ ထိန်း ချုပ်နယ်မြေ သထုံခရိုင်မှာ ပြုလုပ်ခဲ့တဲ့ ဒုတိအကြိမ်မြောက် မွန်လူငယ်ညီလာခံမှာ အတည်ပြုခဲ့ပြီး အသစ်ရွေးချယ်ခဲ့တဲ့ မွန်လူငယ်များဆုံရပ်၊ ဗဟိုကော်မတီနဲ့ အထွေထွေအတွင်းရေးမှူးအဖွဲ့တွေက လာမယ့် ၆ အတွင်း အပြီးရေးဆွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။
ညီလာခံကျင်းပပြီးနောက်ပိုင်းမှာတော့ မွန်လူငယ်မူဝါဒမှာပါဝင်တဲ့ ကဏ္ဍတွေအတွက် အကောင်အ ထည်ဖော်နေတာရှိပြီး လက်ရှိရေးဆွဲအတည်ပြုခဲ့တဲ့ မဟာဗျူဟာထဲမှာလည်း လုပ်ငန်းစဉ်တွေ အ များကြီးပါလာတယ်လို့ မွန်လူငယ်များဆုံရပ်ကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -MYF