မော်လမြိုင် ၊ ဧပြီ(၇)ကမ္ဘာ့ရွှေဈေးနှုန်း ပြန်လည်မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းရွှေဈေးဟာ အခုရက်ပိုင်းအတွင်း မီလင်းအခေါက် ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၃၀ နီးပါးအထိ ဈေးနှုန်းထပ်တက်လာတာကြောင့် ဈေး ကွက်အတွင်း အရောင်းအဝယ်အေးနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ အမေရိကန်က ဘဏ်တိုးနှုန်းတွေ မြှင့်တင်လိုက်တာကြောင့် ရွှေဈေးကွက်အပြင် စတော့ ရှယ်ယာ ဈေးကွက်တွေပါ ကမောက်ကမဖြစ်ပြီး ပြည်ပဘဏ်တွေက ရွှေဝယ်စုဆောင်းတာတွေ များလာတာကြောင့် ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဧပြီ(၄) ရက်နေ့က ရွှေတစ်အောင်စကို အမေရိကန် ဒေါ်လာ (၁၉၅၀) ဝန်း ကျင်သာ ရှိရာကနေ ဧပြီ ၆ ရက်နေ့မှာတော့ ဒေါ်လာ (၂၀၂၀) ဝန်းကျင်ထိ နှစ်ရက်အတွင်း ဒေါ် လာ (၇၀) နီးပါး ဈေးနှုန်းမြင့်တက်လာခဲ့တာပါ။

ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်လာတာကြောင့် ပြည်တွင်းရွှေဈေးဟာ ကျပ် ၂,၉၃၀,၀၀၀ ဝန်းကျင်ကနေ ကျပ် ၂,၉၇၀,၀၀၀ ကျော်အထိ တစ်ကျပ်သားကို ကျပ် ၄၀၀၀၀ ကျော် ဈေးနှုန်း ထပ်တက်လာတာ ဖြစ်ပါတယ်။

ရွှေလုပ်ငန်းရှင်တစ်ဦးကတော့ အမေရိကန်ရဲ့ ဘဏ်တိုးနှုန်းနဲ့ မူဝါဒအပြောင်းအလဲကြောင့် ရွှေဈေး နှုန်း မြင့်တက်လာပြီးနောက် ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူတို့ အဲဒီဘဏ်တိုးနှုန်းတွေ ဆက်ပြီးတော့ ပြင်တာတွေ ရှိတယ်လေ၊ ဘဏ်တိုးနှုန်းကို ဆက်ပြီးမြှင့်လိုက်သေးတယ်။ ပြီးတော့ အလုပ်လက်မဲ့နှုန်းတွေ အရမ်းများတယ်။ အဲဒီ အမေရိကားတို့ ဘာတို့မှာပေါ့နော်။ အဲဒါကြောင့်မို့လို့ ကမ္ဘာ့ရွှေဈေးက တက်သွားတယ်။ မနေ့က မြန်မာ့ရွှေဈေးလည်း တက်သွားတယ်။ (၃၀) နီးပါး ကပ်သွားတယ်။ ကမ္ဘာ့ရွှေဈေးဆက်တက်မယ်ဆိုရင်တော့ မြန်မာ့ရွှေဈေး ဆက်တက်မယ်။ ကမ္ဘာ့ရွှေဈေးက လက်တလော သူတို့ရဲ့မူဝါဒ အမေရိကန်ကချမှတ်တဲ့ ပေါ်လစီတွေအရ ဆက်တက်နိုင်တဲ့ အနေအထားမှာ ရှိတယ်ဆိုပြီးတော့ တချို့ကတော့ သုံးသပ်ထားကြတယ်။ သူဆက်တက်ရင်တော့ မြန်မာ့ရွှေဈေးလည်း တက်သွားမှာပေါ့၊ (၃၀)လည်း ဖြစ်ကောင်းဖြစ်သွားမှာပေါ့။ အခုတောင် (၃၀)နား ကပ်နေပြီးဆိုတော့လေ။ အရောင်းအဝယ်ကမဖြစ်ဘူး။ အရောင်းရော၊ အဝယ်ရော အေးတယ်၊ တချို့ ဆိုင်တွေမှာကျတော့ ဆိုင်ကြီးတွေကို ပြန်ဝယ်ထားတဲ့ ပစ္စည်းတွေလာသွင်းကြတာပေါ့နော်၊ ဆိုင်သေးတွေကတော့ အရောင်းရော၊ အဝယ်ရောအေးတယ်”လို့ ဆိုပါတယ်။

လက်ရှိမှာ ကမ္ဘာ့ရွှေဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေတာကြောင့် ပြည်တွင်းရွှေဈေးဟာ အချိန်နဲ့အမျှ အပြောင်းအလဲမြန်ဆန်နေပြီး ဈေးနှုန်းအတည်တကျ ခန့်မှန်းရခက်ခဲတဲ့ အနေအထား ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ရွှေဈေးနှုန်းမြင့်တက်လာတာကြောင့် ပြည်တွင်းရွှေဈေးကွက်မှာ အရောင်းအဝယ် အေးနေပေမယ့် ဈေးကစားသူတွေ ရှိနေတဲ့အတွက် ဌာနဆိုင်ရာက အရေးယူတာတွေ လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

“ရွှေဈေးတည်ငြိမ်ရေး အတွက်ကတော့ လက်ငင်းရောင်းကြ၊ ဝယ်ကြပေါ့ဗျာ။ လေပတ်ကားတွေ ပျောက်ဖို့ပေါ့။ အခုက တကယ်ဈေးကွက်ထဲမှာက အရောင်းအဝယ်က အေးနေတယ်။ အဲဒီလိုပဲ ရွှေဈေးကွက်မှာက အရောင်းအဝယ်က အေးနေတယ်။ ဝယ်တဲ့သူနည်းတယ်။ ဒီဈေးနှုန်းတွေနဲ့။ လေပတ်ကားသမားက ဆွဲတင်နေတယ် ဈေးကစားတဲ့သူက။ ကျွန်တော်တို့ လေပတ်ကားတွေကို ဌာနဆိုင်ရာတွေကနေ အရေးယူဆောင်ရွက်မယ့် အစီအစဉ်ရှိတယ်။ ဆိုင်တွေအနေနဲ့ကလည်း ဈေးနှုန်းအများကြီး တက်လာလို့ရှိရင် လေပတ်ကားတွေကဆွဲတင်လို့ ဈေးနှုန်းတက်လာလို့ရှိရင် မရောင်းဘဲနဲ့ အတုံးအခဲတွေကို အကုန်ခဏ ရပ်ထားရမယ်ပေါ့၊။ ရွှေဈေးကစားတဲ့သူတွေကို အရေးယူသွားမယ့် သဘောရှိတယ် ဌာနဆိုင်ရာက”လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီက ပြည်တွင်းရွှေဈေးနှုန်းတွေ ကျဆင်းစေဖို့အတွက်ဆိုပြီး ရွှေဒင်္ဂါးတွေကို အလေးချိန်အလိုက် တစ်ကျပ်သား၊ ငါးမူးသားနဲ့ တစ်မတ်သားဆိုပြီး ရောင်းချပေးခဲ့ပေမယ့် ပြင်ပပေါက် ဈေးအတိုင်းသာ ရောင်းချတာကြောင့် ထင်သလောက် ရွှေဈေးနှုန်းကျဆင်းခဲ့ခြင်း မရှိပါဘူး။

ပြည်တွင်းရွှေဈေးနှုန်းဟာ စစ်တပ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းမှာ တစ်ကျပ်သား ကျပ် ၃၅ သိန်းဝန်းကျင်အထိ စံချိန်တင်ဈေးနှုန်းမြင့်တက်ဖူးသလို ဈေးနှုန်းမတည်မငြိမ်တာတွေ နေ့ စဉ်နဲ့အမျှ ဖြစ်ပေါ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.