ပုလဲ – ဧပြီ(၇)
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ M-7 ကို စစ်ကောင်စီက လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် (၄) ဦးကျဆုံးခဲ့ရတယ်လို့ စခန်းတာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ(၅) ရက်နေ့ မနက်ပိုင်းက Mi-35 ဂျက်ဖိုက်တာတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် Mi-17 (၄) စီးနဲ့ အင်အားတိုးတိုက်ခိုက်ခဲ့တာကြောင့် (၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ M-7 စခန်းကို သိတဲ့သူနည်းပြီး လေယာဉ်နဲ့ ပစ်ခတ်ချိန်မှာလည်း ပွိုင့်တွေ တိကျလွန်းတဲ့အတွက် စစ်ကောင်စီဘက်ကို သတင်းပေးထားတဲ့ပုံရှိသလို အဲဒီစခန်းဟာ မြေပြင်စစ်ကြောင်းထိုးပြီးကပ်လို့မရတဲ့ အနေအထားဖြစ်တယ်လို့ M-7 People’s Defence Force တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီလေယာဉ်နဲ့ လာရောက်ပစ်ခတ်ချိန်မှာ ရဲဘော်တွေ ထမင်းစားနားနေချိန် ဖြစ်တဲ့အတွက် ပြင်ဆင်ချိန်မရလိုက်ဘဲ အထိနာသွားတာဖြစ်တယ်လို့ သူကပြောပါသေးတယ်။
စစ်ကောင်စီက လေယာဉ်နဲ့ပစ်ခတ်တိုက်ခိုက်တာအပြင် စစ်ကူတွေနဲ့ပါ အတင်းဝင်ရောက်တိုက်ခိုက် ခဲ့ပြီး လက်ရှိအချိန်ထိလည်း M-7 ပြည်သူ့ကာကွယ်ရေးစခန်းမှာပဲ တပ်ဆွဲထားတဲ့အတွက် ပျက်စီး ဆုံးရှုံးမှု တိတိကျကျ မသိရသေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့က သိရပါတယ်။
ကနဦး သတင်းတွေအရ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က M-4 တစ်လက်၊ Ak-47 တစ်လက်၊ ၆၀-မမ တစ်လက်နဲ့ ကျည်တွေ ၊လက်လုပ်သေနတ်တွေ၊ ဖုန်းတွေနဲ့ မိုင်းတွေအပြင် စခန်းပါ မီးရှို့ဖျက်ဆီးခံထားရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုနဲ့ စစ်ကူအင်အားတွေကြောင့် ပုလဲမြို့နယ်တောင်ပိုင်း၊ ပန်းရွာ၊ နွားကူးရွာနဲ့ တနယ်ရွာ ကပြည်သူ(၈၀၀၀) ကျော်စစ်ဘေးရှောင်နေရပြီး ပုလဲမြို့နယ်မြောက်ခြမ်း ကကျေးရွာဆယ်ရွာဝန်းကျင်လည်းထွက်ပြေးနေရတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – M-7 PDF