ဘီးလင်း၊ ဧပြီ(၅)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် သပြေနီကျေးရွာနဲ့အလူးကျေးရွာကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဧပြီ ၄ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ မနက် ၉ နာရီအချိန်လောက်မှာ ကျိုက်ထိုမြို့နယ်ကနေ သထုံမြို့နယ်ဘက်ကို မောင်းနှင်းလာတဲ့ ကား ၅ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၃)ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်နီးပါးကြာဖြစ်ပွားခဲ့ပြီး KNLA ပူးပေါင်းတပ်က အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီယာဉ်တန်းက သပြေနီနဲ့အလူးကျေးရွာကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ပြောဆိုသွားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၉ ရက်နေ့ကလည်း အလူးကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စစ်ကောင်စီကားတန်း ပစ်ခတ်ခံရပြီး နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်တာကြောင့် နေအိမ် ၄၀ နီးပါး ကျည်ထိပျက်စီးခဲ့သလို ဒေသခံ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ဘီးလင်းမြို့နယ် သပြေနီကျေးရွာနဲ့အလူးကျေးရွာကြားမှာတော့ စစ်ကောင်စီယာဉ်တန်းတွေ မကြာ ခဏတိုက်ခိုက်ခံနေရပြီး အဲဒီတိုက်ခိုက်မှုအတွင်း အရပ်သားထိခိုက်သေဆုံးတာတွေ ဆက်ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -(စစ်ကောင်စီယာဉ်တန်း- ပုံဟောင်းဖြစ်ပါသည်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.