နေပြည်တော်၊ ဧပြီ(၂)

ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေတွေကို အဓိကကိုင်တွယ်နေတဲ့ စစ်ကောင်စီအမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူးအပါအဝင် စစ်ဌာနချုပ်တိုင်းမှူးတို့ကို အနားပေးတာနဲ့ အရန်အင်အား ပြောင်းရွှေ့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။

KNU လှုပ်ရှားနယ်မြေတွေဖြစ်တဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့ကို အဓိကကိုင်တွယ်နေတဲ့ အမှတ် (၄) စကခမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်လှိုင်ကို အနားပေးပြီး သူရဲ့ နေရာမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေကို ခန့်အပ်လိုက်တာပါ။

ဒါ့အပြင် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ရဲ့ စစ်ရေးဆိုင်ရာကိစ္စရပ်တွေကို အဓိက တာဝန်ယူရတဲ့ အ ရှေ့တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးကိုလည်း တပ်မတော်အရန်အင်အားသို့ ပြောင်းရွှေ့လိုက်ပြီး သူရဲ့နေရာမှာ ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် အမှတ် (၁၁) ခြေမြန်တပ်မဌာနချုပ် တပ်မမှူးဗိုလ်မှူးချုပ်စိုးမင်း ပြောင်းရွှေ့ခံလိုက်တာ ဖြစ်ပါတယ်။

စစ်တပ်ထိပ်ပိုင်းအရာရှိတချို့ အပြောင်းအလဲ လုပ်တာဟာ စစ်ခေါင်းဆောင်အလိုကျ ကြမ်းပြရမ်းပြမယ့်သူတွေကို တာဝန်ပေးတာဖြစ်တဲ့အတွက် လာမယ့်ကာလအတွင်း စစ်ရေးပဋိပက္ခ ပိုမိုပြင်းထန်လာနိုင်တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကွဲမှု ကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။

စစ်တပ်အသိုင်းအဝိုင်းအဆိုအရ စကခမှူးနဲ့ ရတခတိုင်းမှူး အပြောင်းအလဲဟာ KNU နယ်မြေအတွင်းရှိ စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းဆည်းခံရတာနဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရတာနဲ့ အဓိကသက်ဆိုင်နေတယ်လို့ ပြောဆိုတာတွေ ရှိနေပါတယ်။

မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာန်ချုပ်ကို ပြီးခဲ့တဲ့ မတ် ၁၆ ရက်နေ့မှာ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အဆောက်အဦးတချို့ ထိခိုက်ပျက်စီးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

All reactions:1.5K1.5K

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.