မော်လမြိုင် ၊ ဧပြီ (၂)

ပဋိပက္ခတွေကြောင့် ဆိုးဆိုးရွားရွားကျဆင်းနေတဲ့ မြန်မာ့စီးပွားရေးဟာ စစ်အုပ်စုအုပ်ချုပ်နေသ၍ တိုးတက်လာဖို့ မရှိသလို ပိုဆိုးတဲ့အခြေအနေတစ်ခုကို ရောက်ရှိလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်

။မြန်မာ့စီးပွားရေးဟာ စစ်တပ်အာဏာသိမ်း ၂ နှစ်အတွင်း ပဋိပက္ခတွေကြောင့် ဆိုးဆိုးရွားရွား ကျဆင်းနေသလို ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး GDP ကလည်း ဒီနှစ်စက်တင်ဘာလအထိ ၃ ရာခိုင်နှုန်းလောက်သာရှိလာနိုင်မယ်လို့ ကမ္ဘာ့ဘဏ်က မတ် ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ၊ ဆိုးရွားတဲ့လျှပ်စစ်မီးပြတ်တောက် မှုတွေနဲ့ မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်တွေဟာ နိုင်ငံရေးနဲ့ လူမှုရေးအတွက် အကျပ်အတည်း ဖြစ်စေပြီး စီးပွားရေးကို ဆက်လက်ဆိုးရွားစေတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

ဒါ့အပြင် စီးပွားရေး ရပ်ဝန်းဟာဆိုရင်လည်း လျှပ်စစ်ဓါတ်အား ပြတ်လပ်မှုတွေ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ အခက်အခဲတွေ၊ ကုန်သွယ်ရေးနဲ့ နိုင်ငံခြားငွေ လဲလှယ်ရေး ကန့်သတ်ချက်တွေအပြင် မတည်ငြိမ်နိုင်လွန်းတဲ့ စည်းမျဉ်းကန့်သတ်ချက်တွေကြောင့် ရုပ်အားဖြင့်ပင် တိုးတက်လာဖွယ်မရှိဘူးလို့ အစီရင်ခံစာမှာ ပါရှိပါတယ်။

စီးပွားရေးပညာရှင် တစ်ဦးကတော့ ဆိုးဆိုးရွားရွား ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေးဟာ လက်ရှိကာ လမှာ ရပ်တည်ရှင်သန်ရေးအတွက် နည်းလမ်းသစ်တွေ ရှာဖွေနေရသလို နောက်အစိုးရသစ် မတက်မချင်း စီးပွားရေးကောင်းမွန်ဖို့ မဖြစ်နိုင်ဘူးလို့ ထောက်ပြတာပါ။“ကမ္ဘာ့ဘဏ်အမြင်ကို ကိုယ်တွေလည်း အဲဒီအတိုင်းပဲ မြင်တယ်။

မြန်မာ့စီးပွားရေး အကျပ်အတည်းက နိုင်ငံရေးကိုပဲ နောက်ဆုံးဦးတည်တော့မှာပေါ့။ အောက်ခြေက စီးပွားရေးကျပ်တည်းတာလည်း ပါတယ်။ သေမထူးနေမထူး လုပ်ကြတော့မှာပေါ့။

ပိုပြီးတော့ပိုဆိုးတဲ့ အခြေအနေကို ရောက်သွားမှာ။ အခုက မတည်မငြိမ်ဖြစ်လို့ စီးပွားရေးက လုပ်မရ၊ စီးပွားရေးလုပ်မရလို့ ဝင်ငွေက မရှိ၊ ဝင်ငွေမရှိတော့ ငတ်၊ ငတ်တော့ ထပြီး ဆူပူ သောင်းကျန်း၊ ဆူပူသောင်းကျန်းတော့ စီးပွားရေး လုပ်မရဆိုတော့ အဲဒီသံသရာကို လည်နေလို့ရှိရင်တော့ အခြေအနေမကောင်းနိုင်ဘူး။

အဲဒီသံသရာထဲက ထွက်နိုင်အောင် လုပ်မှရမယ်။ စီးပွားရေးကို လုံးဝ (၁၀၀) ရာခိုင်နှုန်း အာရုံစိုက်ပြီး လုပ်လို့မရနိုင်တဲ့ အနေ အထားမျိုးမှာရှိတယ်။ အဲဒါအကုန်လုံး ပြည်သူရော၊ အစိုးရရော ဒီအုပ်ချုပ်နေတဲ့ စစ်အစိုးရလည်း သူ့ဘာသာသူ ဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့ နည်းလမ်းကိုရှာရမယ်။

ပြည်သူအတွက်လည်း အဲဒီလိုမျိုး ဘယ်လိုဒီကာလမှာ အသက်ရှင်သန်နိုင်အောင် ကျော်ဖြတ်ပေးရမလဲ၊ ဘယ်လိုထောက်ပံ့ပေးရမလဲ။ အဲဒီဟာကိုပဲ စဉ်စားရမယ်၊ စီးပွားရေးတွေ ထောင်တက်ပြီးတော့ အရင်လိုမျိုးပြန်ဖြစ်ဖို့ကတော့ နောက်အစိုးရသစ် မတက်မချင်းကတော့ မလွယ်ဘူး၊ မလွယ်ဘူးမဟုတ်ဘူး မဖြစ်ကိုမဖြစ်နိုင်ဘူး”လို့ ဆိုပါတယ်။

မြန်မာ့စီးပွားရေး ကျဆင်းနေပေမယ့် စစ်ခေါင်းဆောင်က ကိုဗစ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေနဲ့ ပြည်တွင်းစီး ပွားရေးလုပ်ငန်းတွေကို အားပေးဆောင်ရွက်ခဲ့ရာ နိုင်ငံစီးပွားရေး ၈ ရာခိုင်နှုန်းနီးပါး ပြန်လည်တိုးတက်လာတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ပြောဆိုထားပါတယ်။

စီးပွားရေးတိုးတက်လာမှုဟာ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေကို အားပေးတာ၊ ပြည်တွင်းမှာ ရှိတဲ့ ရေ၊ မြေသ ယံဇာတတွေ၊ လယ်ယာ၊ သားငါးကဏ္ဍတွေ၊ သစ်တောကဏ္ဍတွေ လူသားအရင်းအမြစ်တွေရဲ့ ဆောင်ရွက်နိုင်မှုတွေကို အသုံးချနိုင်တာကြောင့် နိုင်ငံစီးပွားရေးတိုးတက်လာခဲ့တာလို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ စစ်တပ်အာဏာသိမ်းပြီး (၂)နှစ်ကျော်ကာလအတွင်း စီးပွားရေး အဆင်မပြေတဲ့အတွက် လုပ်ငန်းအများစု ပိတ်သိမ်းလိုက်ရသလို လက်ရှိ လုပ်ငန်းတွေ မပြိုပျက်အောင် ထိန်းထားရတဲ့ အခြေအနေအထိ ရောက်ရှိလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကိုယ်တို့ဆိုကွာ ဒီ(၂)နှစ် အတောအတွင်းမှာပေါ့ ဆိပ်ကမ်းလုပ်ငန်းလေးတွေ၊ ကားလုပ်ငန်းလေးတွေ၊ စား သောက်ဆိုင် လုပ်ငန်းလေးတွေ အကုန်နားလိုက်ရတယ်။ အရင်းမဟုတ်ဘူးပေါ့နော်။ ပထမတစ်နှစ် တောင့်ခံနိုင်တယ်။ ဒုတိယနှစ်ကျတော့ တောင့်မခံနိုင်တော့ဘူး။ ဒုတိယနှစ်မှာဘဲ အကုန်လုံး ကိုယ်တွေဆို နားလိုက် ရတယ်။ ဒါဘာလဲဆိုတော့ စီးပွားရေး အဆင်မပြေခြင်းရဲ့ ပြယုဂ်ပဲလေ။ လုပ်ငန်း (၃)ခု (၄)ခု (၅)ခု လောက်ရှိတဲ့ သူက (၃)ခုလောက်ပိတ်သွားတယ်။ ဘယ်လုပ်ငန်းမဆို ကြိုက်တဲ့ လုပ်ငန်းကြည့်။ ဘဏ်လုပ်ငန်း တွေကစပြီး အကုန်လုံး တနိုင်ငံလုံး အောက်ခြေ ဈေး သည်တွေအထိကို ကြည့်လိုက်။ လုပ်ငန်းမပြိုပျက်အောင် မိသားစု ထမင်းဝအောင်ပဲ လုပ်နေရတာ။ လူတိုင်းက အကြွေးတွေ ဗရပွနဲ့ အဲဒီလိုတွေ ဖြစ်နေတာ။ အစိုးရမှာလည်း ကိုယ်တွေ အကြွေးရှိတယ်ကွာ။ ရှိသမျှလူတွေ အကုန်လုံးက အကြွေးတွေနဲ့ဘဲတက်ပြီး လုပ်ငန်း မပြိုပျက်အောင်ပေါ့ကွာ။ ပြိုပြီးတော့မပျက်တဲ့အဆင့်ကို မပျက်အောင် ထိန်းထားတဲ့ အနေအထားပဲ။ ဒီဟာကို နာလန်ထူဖို့အတွက်ကလည်း နောက်ထပ် (၂)နှစ် (၃)နှစ်လောက် ထပ်လိုတယ်။ နောက်ထပ် (၃)နှစ်လောက်မှ လုပ်ငန်းတွေ ပြန်ကောင်းပြီးတော့ ရင်းနှီးမြုပ်နှံမှုတွေ လာတော့မှဘဲ ကောင်းနိုင်မယ်ထပ်ပြီးတော့။ ဒီအတိုင်းဆိုလို့ရှိရင် ကိုယ်နိုင်ငံထဲကပိုက်ဆံနဲ့ ကိုယ့်နိုင်ငံအနေအထားနဲ့ ဆိုရင်တော့ မလွယ်ဘူး”လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့အဆိုအရ အရှေ့တောင်အာရှနိုင်ငံတွေဟာ ကိုဗစ်ကာလအလွန်မှာ စီးပွားရေးတွေ ပြန် လည်မြင့်တက်လာပေမယ့် မြန်မာ့စီးပွားရေးထုတ်လုပ်မှုကတော့ (၂၀၁၉)ခုနှစ် အတိုင်းသာ ဆက်ရှိနေတယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ပရင်းနှီးမြုပ်နှံမှုတွေ ဆက်တိုက်ထွက်ခွာနေသလို နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေကြောင့်လည်း နိုင်ငံ့စီးပွားရေးဟာ ဆိုးဆိုးရွားရွား အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.