ရန်ကုန်၊ ဧပြီ(၂)

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ၂၀၂၁ ခုနှစ် တစ်ကျော့ပြန် စစ်တပ်အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံ Fail State အဆင့်ကို ဦးတည်ရောက်ရှိလာနေပြီလို့ စီးပွားရေး ပညာရှင်တွေနဲ့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။နိုင်ငံ့အာဏာသုံးရပ်ကို ချုပ်ကိုင်ထားတဲ့ စစ်ကောင်စီလက်ထက်မှာ စီးပွားရေး၊နိုင်ငံရေး၊ပညာရေး၊ကျန်းမာရေး၊ လူမှုရေး စတဲ့ ကဏ္ဍတွေမှာ အာဏာသိမ်းချိန်ကနေ ဒီကနေ့အထိ အဘက်ဘက် ယို ယွင်းကျဆင်းလာလို ပြည်တွင်းစစ်မီးကလည်း တစ်ဆထက်တစ်ဆ ပိုမိုကြီးထွားလာတာပါ။

စစ်ကောင်စီရဲ့ အကြမ်းဖက်ဖိနှိပ်မှုကြောင့် နိုင်ငံတဝန်းမှာ စစ်အုပ်စုကို ရရာလက်နက်စွဲကိုင် တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ပေါင်း ၅၀၀ ကျော်အထိ ပေါ်ပေါက်လာခဲ့တာပါ။မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဘယ်တုန်းကမှ တော်လှန်မှု မရှိခဲ့တဲ့ ဗမာလူမျိုးစုတွေ အများဆုံးနေထိုင်ကြတဲ့ အညာဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါ် ပေါက်လာပြီး စစ်ရေးပြင်းထန်တဲ့ဒေသ ဖြစ်လာပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့် ဒီမိုကရေစီအစိုးရနှစ်ဆက် အကောင်အထည်ဖော်ခဲ့တဲ့ နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းတွေ့ဆုံဆွေးရေးလမ်းစဉ်ကလည်း ပျက်သုဉ်းသွားခဲ့ရသလို နိုင်ငံရေးဆုတ် ယုတ်မှုအရ စစ်ရေးဘောင် ပိုမိုကျယ်ပြန့်လာနေတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့ မြန် မာနိုင်ငံရဲ့ အခြေအနေဟာ အဆုံးမရှိ ဇောက်နက်တဲ့ အဝိစိထဲကို ထိုးဆင်းနေပြီလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လက်ရှိ မြန်မာနိုင်ငံအတွင်းမှာလည်း စစ်အုပ်ချုပ်ရေးကြေညာထားရတဲ့ မြိုနယ်တွေ ရှိနေတယ်။ နောက်တစ်ခါ တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသကလည်း နေ့တိုင်းနီးပါးရှိနေတယ်။ ပြီးရင် စစ်ဘေးရှောင်တဲ့ ဒုက္ခသည်ဦးရေကလည်း နေ့စဉ်နဲ့အမျှ တိုးပွားနေတယ်။ ဒါက ကျွန်တော်တို့ ပြောင်းပြန်ဆင်းနေတဲ့ Trend (လမ်းကြောင်းသစ်) ကို သွားနေပြီ။ အောက်အထိ အဆုံးမရှိ တကယ်ဇောက်နက်တဲ့ အဝိစိထဲကို ထိုးဆင်းနေပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်နေတယ်” လို့ သူက ဆိုပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ ဒဿမ ၄ သန်းနီးပါးရှိလာပြီလို့ မတ် ၂၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၈ ခုရှိ မြို့နယ် ၄၇ ခုကို စစ်အုပ်ချုပ်ရေးအမိန့် ကြေ ညာထားပြီး NUG၊PDF တို့ကို ပံ့ပိုးပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့ကို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ တပ်မတော်နေ့မှာ စစ်ခေါင်းဆောင်က ပြောဆိုထားတာပါ။

လက်ရှိမှာလည်း တိုင်းရင်းသားဒေသတွေနဲ့ စစ်ရေးပြင်းထန်တဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာပါ။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကတော့ စစ်ကောင်စီက ပိုပြီး ရက် စက်မှုတွေလုပ်လေ လူထုကလည်း ပိုပြီးခံစားရလေမို့ ပြန်တုံ့ပြန်တာဖြစ်တဲ့အတွက် စစ်အာဏာရှင် စနစ်ကျဆုံးအောင် မလုပ်နိုင်ဘဲ တိုင်းပြည်ဟာ ပြန်ထူထောင်လို့ ရမှာမဟုတ်ဘူးလို့ ထောက်ပြပါတယ်။

“ဖြစ်စဉ်တွေက နိုင်ငံတကာမှာလည်း ဒီလိုပဲ။ စနစ်တစ်ခုကနေ စနစ်တစ်ခုကို တကယ်ပြောင်းအောင် လုပ်ကြတဲ့ အခြေအနေမှာ ဒီလိုအဖြစ်တွေက ကျွန်တော်တို့ကြုံရတာပေါ့။ အထူးသဖြင့် စစ်ကောင် စီက ပိုပြီးတော့ ရက်စက် ကြမ်းကြုတ်မှုတွေကို ပိုလုပ်လေလေ လူထုကလည်း ပိုပြီးတော့ ခံစားရလေ ပြန်ပြီးတော့ တုံ့ပြန်လေပေါ့။ အထူးသဖြင့် စစ်ကိုင်းတို့၊ မကွေးတို့မှာ အများကြီးတွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က Fail State ကို ဦး တည်နေတယ်ဆိုတာ ပြောခဲ့တာကြာပါပြီ။ အခုက ဒီအ တိုင်း ဆက်သွားမယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် စစ်အာဏာရှင်စနစ်ကျဆုံးအောင်တော့ ကျွန်တော်တို့လုပ်ရမယ်။ စစ်အာဏာရှင်ကျဆုံးအောင် မလုပ်နိုင်ဘဲနဲ့ ကျွန်တော်တို့တိုင်းပြည်က ဘယ်လိုမှပြန်ပြီးထူထောင်လို့ရမှာမဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။

လက်နက်ကိုင်စစ်ရေးတိုက်ပွဲတွေကြားမှာ နိုင်ငံရေးအခန်းကဏ္ဍ မှေးမှိန်လာနေချိန်မှာ ပြီးခဲ့တဲ့ ဇန်န ဝါရီနှောင်းပိုင်းက နိုင်ငံရေးပါတီတွေကို တင်းကြပ်ကန့်သတ်ချက်တွေများစွာ ထည့်သွင်းထားတဲ့ နိုင် ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို စစ်ကောင်စီက ပြဌာန်းခဲ့ပါတယ်။

နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေ ပုဒ်မ ၂၅ အရ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံမတင်တဲ့ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီနဲ့ တိုင်းရင်းသားအင်အားကြီး နိုင်ငံရေးပါတီတွေအပါအဝင် ပါတီ ၄၀ ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းခဲ့ပါတယ်။ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကလည်း လူထုထောက်ခံမှုရှိတဲ့ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းမှုဟာ အမျိုးသားရင်ကြားစေ့ရေး အလှမ်းဝေးလာသလို နောက်ပိုင်းမှာ ကဏ္ဍပေါင်းစုံ ယိုယွင်းပျက်စီးမှုနဲ့အတူ ကျရှုံးနိုင်ငံအဆင့်ရောက်ရှိဖို့ ပိုမိုနီးကပ်လာတယ်လို့ ပြောပါတယ်။

“ပါတီတွေက နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေပေါ်မှာ လိုက်ပြီးတော့ ရပ်တည်ရတယ်။ လှုပ်ရှားရတယ်။ အဲဒီလိုအခြေအနေရှိတယ်။ အာဏာသိမ်းပြီးနောက်မှာ တစ်နိုင်ငံလုံး ငြိမ်သက်တဲ့နေရာ မရှိလောက်အောင် စစ်ကောင်စီဘက်က တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို မလုပ်ပေးနိုင်တဲ့ အ ခြေအနေရောက်သွားတယ်။ နိုင်ငံရေးအခြေအနေမကောင်းတဲ့အခါမှာ ပါတီတစ်ရပ်အနေနဲ့ သူတို့မျှော်မှန်းတဲ့ ဖက်ဒရယ်အစ ဒီမိုကရေစီအ ရေးကအစ ဒေသဖွံ့ဖြိုးရေးအစပေါ့။ လုပ်နိုင်ဖို့ အခြေအ နေရှိသေးလားဆိုတာ ဆုံးဖြတ်ရမှာ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်က မှတ်ပုံမတင်တဲ့ ပါတီတွေအတွက် သိပ်ပြီးအခွင့်အရေးဆုံးရှုံးသွားတာ မဟုတ်ဘူး။ မှတ်ပုံတင်တဲ့ ပါတီတွေကလည်း အခွင့်အ ရေးပိုရလာမှာ မဟုတ်ဘူး”လို့ သူက ဆိုပါတယ်။

နိုင်ငံတကာအစိုးရတွေကတော့ ပါတီ ၄၀ ဖျက်သိမ်းခံရမှုအပေါ် နိုင်ငံရေးနယ်ပယ် ပိုမိုကျဉ်းမြောင်းလာမှာကို စိုးရိမ်ပူပန်နေပြီး မြန်မာ့အရေးဖြေရှင်းရာမှာ ပိုမိုခက်ခဲစေတယ်လို့ သက်ဆိုင်ရာ နိုင်ငံ ခြားရေးဌာနတွေက ထုန်ပြန်ထားပါတယ်။

တဖက်မှာတော့ နိုင်ငံရေးစီးပွားရေးကလည်း စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကြာတဲ့အထိ ပဋိပက္ခတွေနဲ့ ရုန်းကန်နေရတဲ့ အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပြီလို့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် နိုင်ငံရေး၊လူမှုရေးအရ အဖြစ်ဆိုးကြုံတွေ့နေရတဲ့ နိုင်ငံ့စီးပွားရေးဟာလည်း ကျယ်ပြန့်လာတဲ့ ပဋိပက္ခ၊ ဆိုးရွားလာတဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနဲ့ မူဝါဒရေးရာ ကျရှုံးမှုတွေကြောင့် ပိုမိုဆုတ်ယုတ်လာနိုင်တယ် လို့ ဆိုပါတယ်။စီးပွားရေးပညာရှင်တစ်ဦးကတော့ အခြေခံလူတန်းစားတွေအတွက် စားဝတ်နေရေး တအားပူလာရင် မတည်ငြိမ် မှုတွေကို ဖြစ်စေပြီး လက်ရှိမှာလည်း ခိုးဆိုးလုနှိုက်တွေနဲ့ တစ်နိုင်ငံလုံးပြန့်ပြီး အုပ်ချုပ်မှု မနိုင်ရင် Fail State အဆင့်ရောက်ပြီလို့ သုံးသပ်ပါတယ်။

“အခုက အခြေခံလူတန်းစားတွေမှ မဟုတ်ဘူး၊ အပေါ်က လူတွေလည်း တစ်ဖြည်းဖြည်းနဲ့ နီးလာပြီ။ ဘာမှ လုပ်မရ၊ကိုင်မရ အခြေအနေတွေ။ ဒါပေမယ့် ဘယ်လိုပဲ ပြောပြော အပေါ်ကတော့ ဆင်ပိန်ကျွဲလောက်ပေါ့။ သူတို့က စားဝတ်နေရေးအတွက် အဲဒီလို ပူစရာမရှိမလိုဘူး။ အောက်ခြေက စားဝတ် နေရေးအတွက် တအားပူလာပြီး ဘယ်လိုမှမဖြစ်တော့ဘူးဆိုရင် စီးပွားရေးကနေ ဟိုဘက်နိုင်ငံရေးမတည်ငြိမ်မှုကို ရောက်လာမယ်။ အခုလည်း အတော်များများ ရောက်လာပြီ။ အဲဒီဟာက တစ်နိုင်ငံလုံးပြန့်ပြီးတော့ ခိုးဆိုးလုနှိုက်တွေ တအားများလာလို့ အုပ်ချုပ်မှုမနိုင်တော့ဘူးဆိုရင် Fail State ပြီပေါ့” လို့ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်နဲ့စစ်အာဏာသိမ်းမှုကြောင့် လူဦးရေ ၁ ဒဿမ ၆ သန်း အလုပ်အကိုင်ဆုံးရှံးခဲ့ရပြီး အဲဒီထဲမှာ အထည်ချုပ်လုပ်သား ၂၂၀၀၀၀ ကျော်လည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။

တစ်ဖက်မှာတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို စစ်ကောင်စီတပ်ရဲ့ ဖမ်ဆီး၊နှိပ်စက်၊သတ်ဖြတ်၊ထောင်ချမှုတွေအပါအဝင် တိုင်းရင်းသားဒေသတွေနဲ့ တော်လှန်ရေးအားကောင်းတဲ့ နယ်မြေတွေမှာလည်း လူ့အခွင့်အရေးချိုးဖောက်တွေ ဆိုးဝါးလာနေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့အဆိုအရ မြန်မာနိုင်ငံကို စစ် တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူ ၅ ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ အမှုပေါင်း (၆၀) ကျော်ရှိနေပြီး အဲဒီဖြစ်စဉ်တွေကြောင့် အရပ်သား (၇၀၀) ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ကလည်း စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်အတွင်း နေအိမ်နဲ့ အဆောက်အဦးပေါင်း ၆၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.