လောင်းလုံး၊ ဧပြီ(၁)

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်မှာ မိုင်းမတော်တဆမှုနဲ့ ကျန်းမာရေးကြောင့် PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) က မတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန် ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့က လောင်းလုံးမြို့နယ် ကမြောကင်းတံတားအနီးမှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ မိုင်းသွားထောင်စဉ် PDF ရဲဘော် ကျားကလေးဟာ မိုင်းမတော်တဆမှု ဖြစ်ပြီး ကျဆုံးခဲ့တာပါ။

ရဲဘော်ကျားကလေးဟာ ချိန်ကိုက်မိုင်းထောင်စဉ် ဖုန်းခေါ်မှုခံရတာကြောင့် မိုင်းပေါက်ပြီး ယမ်းစထိမှန် ကျဆုံးခဲ့ရတာဖြစ်ပါတယ်။

LLPDF တပ်ဖွဲ့ဝင် ပင်လယ်ကြပ်တပ်စု ဒုတပ်စုမှူး ရဲဘော်လူမည်းကလည်း ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့မှာ ကျန်းမာရေးအခြေအနေကြောင့် စခန်းမှာဘဲ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကျဆုံးသွားတဲ့ PDF ရဲဘော် ၂ ဦးအတွက် အရမ်းစိတ်မကောင်း ဖြစ်ရကြောင်းနဲ့ ကျန်ရှိတဲ့ ရဲဘော်တွေနဲ့ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ LLPDF ပြန်ကြားရေးတာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လောင်းလုံး PDF ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို ရရာလက်နက်စွဲကိုင်ပြီး တော်လှန်နေတဲ့ တနင်္သာရီတိုင်းအခြေစိုက် တပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – LLPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.