နေပြည်တော် – မတ်(၂၈)
အာဏာသိမ်းစစ်ကောင်စီထံ မှတ်ပုံမတင်တဲ့ နိုင်ငံရေးပါတီ (၄၀) ကို ဖျက်သိမ်းပြီး နိုင်ငံရေးပါတီ အဖြစ်ကနေ ပယ်ဖျက်လိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ-၂၅ အရ နိုင်ငံရေးပါတီအဖြစ် ရက်ပေါင်း (၆၀) အတွင်း မှတ်ပုံတင်ခွင့်လာရောက်လျှောက်ထားတာမရှိတဲ့ ပါတီတွေကို နိုင်ငံရေးပါတီ အဖြစ် ကနေ အလိုအလျှောက်ပျက်ပြယ်တယ်လို့ ပြဌာန်းထားတာပါ။
စစ်ကောင်စီ ဖျက်သိမ်းလိုက်တဲ့ ပါတီတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊တအာင်း(ပလောင်) အမျိုးသားပါတီ၊ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ကယန်း အမျိုးသားပါတီ၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားပါတီ၊လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ ကရင်အမျိုးသားပါတီအပါအဝင် နိုင်ငံပါတီတွေပါဝင်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီပြဌာန်းထားတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ဒီနေ့ မတ်လ(၂၈) ရက်နေ့ဟာ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်လျှောက်ထားဖို့ နောက်ဆုံးရက်အဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံရေးပါတီတစ်ရပ်တည်ထောင်လိုတဲ့ ပါတီတွေအနေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ-၃ အရ ဆက်လက်လျှောက်ထားနိုင်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MDN