နေပြည်တော်၊ မတ်(၂၈)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ကို ပံ့ပိုးပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တချို့ကို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

မတ် ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က သူရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်က တိုက်ခိုက်မှုတွေဟာ NUG နဲ့ PDF အပါအဝင် သူတို့ကိုကူညီနေတဲ့ တချို့သော EAO တွေရဲ့ နိုင်ငံအပေါ် ပျက်စီးရာပျက်စီးကြောင်း ကြံစည်လုပ်ဆောင်မှုတွေသာ ဖြစ်ပြီး လုံးဝရပ် ဆိုင်းအောင် ဆောင်ရွက်ဖို့လိုတယ်လို့ ပြောပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ အတွင်းရေးမှူး (၁) ခူးဒယ်နီရယ်ကတော့ စစ်အုပ်စုအနေနဲ့ ဒီစကားတွေကို ဦးနေဝင်းခေတ်ကတည်းက သုံးနှုန်းနေတာဖြစ်ပြီး KNPP ကို တစ်ခါမှ မပြုတ်နိုင်တဲ့အတွက် လုပ်စရာရှိတာ ဆက်လုပ်သွားမယ်လို့ တုံ့ပြန်တာပါ။

“ဒါကတော့ သူတို့ပြောနေကျစကားလုံးပါပဲ။ အဲဒီလိုမျိုး ပြောလာတက အခုမှမဟုတ်ပါဘူး။ ဦးနေဝင်း ခေတ် ကတည်းက ကျူပင်ခုတ်၊ ကျူငုတ်မကျန် စသဖြင့်ပေါ့လေ။ အဲဒီလိုမျိုး သုံးနှုန်းလာတာကြာပါပြီ။ တစ်ခါမှ ကျွန်တော်တို့ မပြုတ်နိုင်ပါဘူး။ အခုကလည်း ဆက်တိုက်နေမှာပဲ။ သူတို့ဘာပြောပြော ကိုယ်ကတော့ ကိုယ့်အ လုပ်ကိုလုပ်မယ်၊ သူ့အလုပ်သူလုပ်နေတာပဲ။ ကျွန်တော်တို့အနေနဲ့ ထူးထူးခြားခြား ပြောစရာမရှိပါဘူး”လို့ သူ က ဆိုပါတယ်။

စစ်ခေါင်းဆောင်ရဲ့ မိန့်ခွန်းပါပြောဆိုချက်နဲ့ ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ သတင်းပြန်ကြား ရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KIO ဗဟိုကော်မတီရဲ့ သဘောထားမှတ်ချက်ကို မေ းမြန်းပြီးမှသာ ဖြေပေးလို့ရနိုင်မယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းအပါအဝင် ကချင်ပြည်နယ်နဲ့ ကရင်နီပြည်နယ်တို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ကိုင် ခုခံတော်လှန်နေတာပါ။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကလည်း နွေဦးတော်လှန်ရေးမှာ အင်တိုက် အားတိုက် ပါဝင်နေတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းကတော့ တိုင်းရင်းသားအခွင့်အရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခွင့် အရေးတွေ တစ်ထပ်တည်းကျနေတဲ့အချိန်အခါမှာ စစ်ကောင်စီက EAO တွေနဲ့ PDF တွေ ပူးပေါင်းလို့မရအောင် သွေးခွဲခြိမ်းခြောက်တာလို့ သုံးသပ်ပါတယ်။

“အဲဒီလို တစ်ထပ်တည်းကျနေတဲ့ကာလမျိုးမှာ တိုင်းရင်းသားတွေကလည်း ဒီမိုကရေစီအရေးရော၊ ဖက်ဒရယ် အရေးရော အားလုံးကို တန်ဖိုးထားတဲ့ သူတို့ရဲ့အသိစိတ်ထဲမှာ အဲဒီလိုမျိုး အချိန်ခါရောက်နေပြီပေါ့။ ဒါကြောင့် အဲဒီလို ခွဲခြားလို့ မအောင်မြင်နိုင်ဘူးပေါ့။ တိုင်းရင်းသားတွေကလည်း သူတို့အင်အားရှိအောင် ပေါင်းစည်းကြ မှာပဲ။ တကယ်တော့ ဒီလိုပြောဆိုခြင်းဟာ သူတို့ရည်ရွယ် ချက်အတိုင်း အချင်းချင်းပူးပေါင်းလို့မရအောင် လုပ်တာပဲဖြစ်တယ်။ PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ ပေါင်းဆုံမသွားရအောင် သွေးခွဲခြိမ်းခြောက်တဲ့ စကားတွေဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်”လို့ သူက ဆိုပါတယ်။

သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP – Myanmar ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်း ၂ နှစ်အ တွင်း မြို့နယ် ၁၉၀ ကျော်ထက်မနည်းမှာ တိုက်ပွဲပေါင်း ၈၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေအားလုံးရဲ့ ထက်ဝက်ကျော်ဟာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ကြား ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထား ပါတယ်။

စစ်ခေါင်းဆောင်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ် လာရောက်နိုင်ဖို့ တပ်မတော်အနေနဲ့ အစဉ်အမြဲ တံခါးဖွင့်ပေးလျက်ရှိပြီး NUG နဲ့ PDF တွေရဲ့ တိုက်ခိုက်မှုတွေ လုံးဝရပ်ဆိုင်းသွားအောင် ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကို အကြားအလပ်မရှိ မဲပေးနိုင်ရေး ဆောလျင်စွာဆောင်ရွက်နိုင်ဖို့ တည်ငြိမ်အေးချမ်းရေးဟာ အဓိကလိုအပ်ချက်ဖြစ်တာကြောင့် ပြီးစလွယ်လုပ်လို့ မရနိုင်ဘူးလို့ မိန့်ခွန်းမှာထည့်သွင်း ပြောဆိုခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်တဲ့အတွက် လက်ခံမှာမဟုတ်ဘူးလို့ အတိအလင်း ကြေညာထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.