နယူးယောက်၊ မတ်(၂၉)
နယူးယောက်မြို့တော်ရဲ့ စီရင်စု (၅) ခုအနက် တစ်ခုဖြစ်တဲ့ မန်ဟက်တန်မြို့မှာ စွဲချက်တင်ခံရဖွယ်ရှိနေတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို အိမ်ဖြူတော်မှာ ပြန်လည်အရွေးခံရဖို့ အမေရိကန် နိုင်ငံသားအများစုက မလိုလားကြတော့ဘူးလို့ စစ်တမ်းအသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။
မတ်(၂၇)ရက် တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ မာရစ် (Marist) စစ်တမ်းအရ အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ ထရန့်ကို နောက်ထပ် (၄) နှစ် သမ္မတထပ်မံဖြစ်စေချင်တယ်လို့ ပြောဆိုတဲ့သူ ၃၈ % သာရှိပြီး အရွယ်ရောက်ပြီးသူ ၆၁% နီးပါးဟာ ထရန့်ကို နောက်တစ်ကြိမ် သမ္မတမဖြစ်စေချင်ဘူးလို့ ဆိုကြပါတယ်။
သမ္မတဟောင်းထရန့်မှ အပြာမယ်ကို နှုတ်ပိတ်ခ ဒေါ်လာ ၁သိန်း ၃သောင်းပေးချေမှုနဲ့ ပတ်သက်ပြီး မန်ဟက် တန်ခရိုင်ရှေ့နေ အယ်ဗင်ဘရာ့ချ်ရဲ့ စွဲချက်တင်ခံရဖွယ်ရှိချိန်မှာ အဲဒီစစ်တမ်းကို မတ်လ ၂၀ ရက်မှ ၂၃ ရက်အထိ တစ်ပတ်အတွင်း ကောက်ယူခဲ့တာဖြစ်ပါတယ်။
စစ်တမ်းအရ အရွယ်ရောက်ပြီးသူအများစုရဲ့ ၅၆ % ဟာ ခရိုင်ရှေ့နေရဲ့ အမှုကိစ္စအပြင် ဂျော်ဂျီယာရှိ ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေအပါအဝင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက် ကာပီတိုလ် အဆောက်အအုံ အဓိကရုဏ်းမှာ သူပါဝင်ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ကိုင်တွယ်ဖြေရှင်းမှုနဲ့ ဖက်ဒရယ် စုံစမ်းစစ်ဆေးမှုတွေဟာ တရားမျှတတယ်လို့ ဆိုထားပါတယ်။
စစ်တမ်းကောက်ယူခဲ့တဲ့ ဒီမိုကရက်ပါတီဝင်အများစု စာရင်သွင်းထားတဲ့ ၈၉% နဲ့ အမှီအခိုကင်းသူ အများစုမှ ၆၄% က ထရန့် ထပ်မံသမ္မတဖြစ်ခြင်းကို ငြင်းပယ်ကြပြီး ဆန့်ကျင်ဘက်အားဖြင့် ရီပတ်ဘလီကန်အများစုရဲ့ ၇၆ % ကတော့ ၂၀၂၄ ခုနှစ်မှာ ထပ်မံအရွေးခံရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါတယ်။
ထရန့်ရဲ့ အရင်မဲဆန္ဒရှင်တွေရဲ့ ၈၁ % ကလည်း သူဟာစွဲချက်တင်ခံရနိုင်ပေမယ့်လည်း ၂၀၂၄ ခုနှစ် ၄၅ ယောက်မြောက် သမ္မတအဖြစ် ထောက်ခံနေဆဲဖြစ်ကြောင်း ဖြေဆိုခဲ့ပါတယ်။
မာရစ် (Marist) စစ်တမ်းဖော်ပြချက်အရ ထရန့်ဟာ လူဖြူ ဧဝံဂေလိခရစ်ယာန်တွေထံမှ ပြင်းထန်တဲ့ တုံ့ပြန်မှု တွေရရှိခဲ့ပြီး ၎င်းတို့အနက် ၄၁ % က ထရန့်ကိုဆန့်ကျင်ကြောင်း မီးမောင်းထိုးပြခဲ့ပါတယ်။
အဲဒီစစ်တမ်းမှာ အရွယ်ရောက်ပြီးသူ (၁၃၂၇) ဦးကို ကောက်ယူခဲ့တာဖြစ်ပြီး အဲဒီထဲမှ (၁၂၂၆) ဦးဟာ မှတ်ပုံ တင်ထားတဲ့ မဲဆန္ဒရှင်တွေဖြစ်တယ်လို့ သိရပါတယ်။
Ref: New York Post