မော်လမြိုင်၊ မတ်(၂၈)
မွန်ပြည်နယ် ပဲဈေးကွက်မှာ ပဲရောင်းလိုအား မြင့်တက်နေမှုနဲ့အတူ ပြည်ပတင်ပို့ဖို့ အခက်အခဲတချို့ ရှိနေတာကြောင့် ပဲဈေးနှုန်း အနည်းငယ်ပြန်လည် ကျဆင်းလာတယ်လို့ ပဲလုပ်ငန်းရှင်တွေ သံလွင်တိုင်းမ်ကို ပြောပါ တယ်။
ပဲဈေးနှုန်းဟာ ပြီးခဲ့တဲ့ မတ်လ ပထမပတ်အတွင်း ပဲတီစိမ်း (ရွှေဝါ) (၂၀)ပိဿာ တစ်တင်းကို ကျပ် (၇၁၀၀၀) ဝန်းကျင်ရှိရာကနေ လက်ရှိမှာကျပ်(၆၆၀၀၀)၊ ပဲတီစိမ်းကလည်း ကျပ်(၄၉၀၀၀)မှ ကျပ် (၄၇၀၀၀)၊ ပဲပုပ်က ကျပ်(၆၀၀၀၀)မှ ကျပ်(၅၇၀၀၀) ထိ ဈေးနှုန်း ပြန်လည်ကျဆင်းလာတာပါ။
ပဲဈေးနှုန်းကျဆင်းလာရတာဟာ ပဲစိုက်တောင်သူတွေဘက်က ပဲရောင်းချမှုများနေတာအပြင် ထားရှိဖို့နေရာနဲ့ ငွေကြေးအခက်အခဲတွေကြောင့် ဈေးနှုန်းကျဆင်းလာတာ ဖြစ်တယ်လို့ ပဲလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ဒီအချိန်တွေက ဒီအတိုင်းပဲ။ မတ်လကုန်ခါနီး ဧပြီလဆန်းပေါ့။ တောင်သူတွေက အရောင်းများတယ်၊ နောက် ပြီးတော့ ကျွန်တော်တို့ ထားစရာနေရာတွေ လောလောဆယ် ကျွန်တော်တို့ Export ထွက်တယ်ဆိုတာက သင်္ဘောရက်တွေ ဘာတွေစောင့်ရသေးတယ်လေ။ တောင်သူက သင်္ကြန်တွင်းမှာ သုံးဖို့လိုတယ်၊ ဒါကြောင့် ဒါတောက်လျှောက်ရောင်းပြီ။ ကျွန်တော်တို့လည်း ဒီဘက်က Export မထွက်နိုင်ဘူး၊ နံပါတ်(၁)ကတော့ ဂိုဒေါင်တွေက လိုအပ်လာပြီ။ တစ်နေ့ကို တန်(၁၀၀) ဝင်လာပြီဆိုရင် ဂိုဒေါင်တွေက မလုံလောက်တော့ဘူး။ တစ်လတန်သည် တစ်လခွဲတန်သည်ပေါ့၊ အဲဒီ ဂိုဒေါင် ကုန် ကျငွေတွေ ရှိတယ်။ နောက်ပြီး ငွေအခက်အခဲ ရှိတယ်။ နေ့စဉ် ကျွန်တော်တို့ တန်(၁၀၀) တန်(၂၀၀) ဝယ်နေရတဲ့ အတွက်ကြောင့်မို့ မြန်မာငွေပေါ့။ ဘဏ် ကုန်ကျငွေတွေ ရှိမယ်။ အပြင်ကုန်ကျငွေတွေ ရှိမယ်။ အတိုးတွေပေါ့။ အဲဒီ ငွေပြဿနာနဲ့ ထားစရာ ပြဿ နာပေါ့၊ အဲဒီနှစ်ခုရှိတဲ့အတွက် ကျွန်တော်တို့ ပဲဈေးပေါ်မှာ ဒီဟာကို မျှခြေချလိုက်လို့ တစ်ပိဿာ (၅၀) ကျ တယ်ဆိုရင် အဲဒီ(၅၀) ကျသွားတာပေါ့ ဈေးကွက်ထဲမှာ”လို့ ဆိုပါတယ်။
ဒါ့အပြင် ပဲတင်ပို့တဲ့နေရာမှာလည်း လာမယ့်ဧပြီလအတွင်း ပိတ်ရက်တွေများတာကြောင့် ပဲတင်ပို့ဖို့အတွက် စာရွက်စာတမ်း လုပ်ဆောင်ရတဲ့နေရာမှာ အခက်အခဲရှိတဲ့အတွက် အချိန်မီမပို့နိုင်တာကြောင့် ဈေးနှုန်းအနည်းငယ် လျော့ချဝယ်ယူနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပဲလုပ်ငန်းရှင်တစ်ဦးကတော့ လက်ရှိမှာမတ်ပဲတွေကို အိန္ဒိယက ဝယ်ယူမှုများတာကြောင့် ဈေး ကောင်းရနေပေမယ့် ပဲတီစိမ်းနဲ့ပဲပုပ်ကတော့ ဝယ်ယူမှုနည်းတာကြောင့် ဈေးနှုန်းနည်းနည်းကျဆင်းလာတယ်လို့ ပြောပါတယ်။
“လက်ရှိမှာဝယ်ယူမှုက အိန္ဒိယက ဝယ်လိုအားကောင်းတော့ မတ်ပဲဈေးမြင့်နေတယ်။ ဈေးကွက်မှာ အခိုင်မာ ဆုံး ပဲလို့ပြောရင် မတ်ပဲလို့ ပြောရမယ်။ လက်ရှိ မတ်ပဲဈေးက အလားအလာဆိုရင် မနှစ်ထက်စာရင် တစ်ပိဿာကို (၁၀၀၀)ပိုတယ်။ မနှစ်က တစ်ပိဿာကို (၂၃၀၀) ရတဲ့ပဲက ဒီနှစ်မှာ (၃၃၀၀)၊ အလားအလာ မကောင်းတဲ့ပဲလို့ ပြောရမယ်ဆိုရင် ပဲတီစိမ်း၊ ပဲတီစိမ်းအသေးတွေက ဈေးကွက်အရ ဝယ်သူလိုင်းဆွဲတာလည်း နည်းတော့ ပဲတီစိမ်းအသေးတွေက ဈေးကွက်နည်းနည်းလေး ပျောက်နေတယ်။ ဈေးကွက်မှာက နည်းနည်း လေး ဈေးကျတယ်။ တခြားပဲဆိုတာက ပဲပုပ်နည်းနည်းကျတယ်၊ ပဲပုပ်ကိုအခါတိုင်း ထိုင်းကဆွဲတော့ အခုထိုင်းကမဆွဲတော့ ပဲပုပ်ဈေးတော့ နည်းနည်းကျတယ်”လို့ ဆိုပါတယ်။
အခုကာလဟာ ပဲထွက်ရာသီဖြစ်တာကြောင့် ဈေးနှုန်းအနည်းငယ် ပြန်လည်ကျဆင်းနေပေမယ့် သင်္ကြန်ကာလနောက်ပိုင်းမှာ ပြည်ပက ဝယ်လိုအားဆက်ရှိနေပါက ဈေးနှုန်းအမြင့်တန်းမှာပဲ ဆက်ရှိနေနိုင်တယ်လို့ ပဲလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။
ဒါပေမဲ့ ပဲစိုက်တောင်သူအများစုကတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စိုက်ပျိုးရေးသွင်းအားစုတွေ ဖြစ်တဲ့ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနဲ့ အထွေထွေကုန်စရိတ် အဆမတန်ကြီးမြင့်နေတာကြောင့် တွက်ခြေမကိုက်ကြဘူးလို့ ဆိုကြပါတယ်။
ပြည်နယ်အတွင်းကထွက်ရှိတဲ့ ပဲမျိုးစုံတွေကို ပြည်ပနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေက အဓိက ဝယ်ယူနေတာဖြစ်ပြီး ထိုင်း၊ စင်ကာပူ၊ နီပေါနဲ့ ပါကစ္စတန်နိုင်ငံတွေကလည်း ပဲအမျိုးအစားပေါ်မူတည်ကာ မှာယူတင်သွင်းတာတွေ ရှိနေတာပါ။
မွန်ပြည်နယ်မှာတော့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ်နဲ့ပဲတီစိမ်း(ရွှေဝါ)တို့ကို အဓိက စိုက်ပျိုးကြတာဖြစ်ပြီး နှစ်စဉ် ပဲမျိုးစုံတန်ချိန် (၂၀၀၀၀) ဝန်းကျင် ထွက်ရှိနေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ