ကွာလာလမ်ပူ – မတ်(၂၉)
မလေးရှားအစိုးရက မဖြစ်မနေ သေဒဏ်ပေးရမယ့် ဥပဒေဖျက်သိမ်းဖို့ အောက်လွှတ်တော်မှာ ဥပဒေကြမ်းကို မတ်လ(၂၇) ရက်နေ့က တင်သွင်းခဲ့ပါတယ်။
ဝန်ကြီးချုပ်ရုံး ဥပဒေနဲ့ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဌာန ဝန်ကြီး အယ်ဇယ်လီနာ အော့တ်မန်ဆက်က မဖြစ်မနေ သေဒဏ်ပေးမှု ဖျက်သိမ်းရေး ဥပဒေကြမ်း ၂၀၂၃ ကို ပထမ အကြိမ်ဖတ်ကြားတာအပြင် သေဒဏ်နဲ့ တသက်တကျွန်း ချမှတ်ခြင်းဆိုင်ရာ ပြန်လည်ပြင်ဆင် မှုတွေကို တင်သွင်းခဲ့တယ်လို့ ဆိုထားတာပါ။
“လူသတ်မှုကျူးလွန်ခံရသူများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၏ သားကောင်များ၊ သတ်ဖြတ်ခံရသူများ၏ မိသားစုများ အပါအဝင် အစုအဖွဲ့အားလုံးအတွက် တရားမျှတမှု ရှိစေ ရန်အတွက် တစ်ဦးချင်းစီ၏ အသက်ကို တန်ဖိုးထား လေးစားလိုက်နာရန် ရည်ရွယ်ပါတယ်” လို့ ဝန်ကြီး အယ်ဇယ်လီနာ အော့တ်မန်ဆက်က ပြောပါတယ်။
ဒါ့အပြင် မဖြစ်မနေ သေဒဏ်ပေးတာကို ဖျက်သိမ်းရေးဟာ ၂၀၁၂ ခုနှစ်တည်းက အစိုးရအနေနဲ့ သုတေသနတွေပြုလုပ်ဖို့လေ့လာသုံးသပ်ထားတဲ့ ပဏာမခြေလှမ်းဖြစ်တယ်လို့ သူက ပြောပါ သေးတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ပါလီမန်တွင်း ဖြန့်ဝေထားတဲ့ အပြာရောင်မိတ္တူတစ်စောင်အရ အဲဒီ ဥပဒေ ကြမ်းတွေဟာ ရာဇဝတ်မှုပေါ်မူတည်ပြီး သေဒဏ်ကို နှစ်၃၀မှ ၄၀ အထိ တစ်သက်တစ်ကျွန်းနဲ့ အစားထိုးဖို့ အပါအဝင် (၆)ကြိမ်ကနေ (၁၂) ကြိမ်အထိ ကြိမ်ဒဏ်ပေးဖို့ ကြိုးပမ်းနေတယ်လို့ ဘာနားမားသတင်းဌာနက ဖော်ပြထားပါတယ်။
ဒါပေမယ့် တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ သေဒဏ်ကို ချမှတ်နိုင်သေးတယ်လို့ သိရပါတယ်။
“၎င်းဥပဒေကြမ်းများမှတစ်ဆင့် အဆိုပြုထားသော မူဝါဒများသည် အားလုံးအတွက် တရားမျှ တမှုကို သေချာစေတဲ့ အလယ်အလတ်လမ်းစဉ်တစ်ခုဖြစ်တယ်” လို့ မစ္စအယ်ဇယ်လီနာ က ပြောခဲ့ပါတယ်။
ဒီဥပဒေကြမ်းတွေကို အချေအတင်ဆွေးနွေပြီးတာနဲ့ လာမယ့် ရက်ပိုင်းအတွင်း အတည်ပြုဖို့ မျှော်လင့်ထားတယ်လို့ The Star သတင်းဌာနက ဖော်ပြထားပါတယ်။
ဥပဒေကြမ်းကို အတည်ပြုပြီးပါက လက်ရှိကြိုးတိုက်မှာရောက်ရှိနေတဲ့ လူ(၁၃၀၀) ကျော်ဟာ သူတို့ရဲ့ စီရင်ချက်အပေါ် ပြည်ထောင်စုတရားရုံးက ပြန်လည်သုံးသပ်ဖို့ တောင်းခံနိုင်တယ်လို့ အစီရက်ခံစာမှာ ဖော်ပြထားသလို သေဒဏ်ကျအကျဉ်းသားတွေအနေနဲ့လည်း သူတို့ရဲ့ စီရင် ချက်တွေအပေါ် ပြန်လည်သုံးသပ်ဖို့အတွက် လျှောက်လွှာတင်နိုင်မှာဖြစ်တယ်လို့ သူမက ပြော ပါသေးတယ်။
အဆိုပြုထားတဲ့ ဥပဒေတွေကတစ်ဆင့် လွတ်ငြိမ်းချမ်းသာခွင့်ဘုတ်အဖွဲ့က ပယ်ချခံရတဲ့ တခြား အကျဉ်းသား(၂၅) ဦးအပါအဝင် သေဒဏ်ကျ အကျဉ်းသား(၈၄၀) ရဲ့ အမှုတွေကို ပြန်လည် စစ်ဆေးဖို့ ပြည်ထောင်စုတရားရုံးကို စီရင်ပိုင်ခွင့်အာဏာပေးထားတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ မလေးရှားမှာ လူသတ်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ အကြမ်းဖက်မှု၊ ပြန်ပေးဆွဲမှုနဲ့ လက်နက်လက်ဝယ်ကိုင်ဆောင်မှုအပါအဝင် သေဒဏ်ပေးနိုင်တဲ့ ပြစ်မှု(၁၁) မှုရှိပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကလည်း မလေးရှားအစိုးရဟာ ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်တာကနေ ရှောင်ကျဉ်တဲ့ နိုင်ငံတကာအဆင့် ကတိကဝတ်တစ်စိတ်တစ်ပိုင်း အနေနဲ့ မဖြစ်မနေ သေဒဏ် ပေးတာကို ဖျက်သိမ်းမယ့် ဆုံးဖြတ်ချက်ကို ကြေညာထားပါတယ်။
“လူတိုင်းဟာ ဒုတိယအကြိမ် အခွင့်အရေးနှင့်ထိုက်တန်တယ်လို့ ကျွန်ုပ်တို့မြင်ပါတယ်” လို့ ဝန်ကြီးချုပ်ဟောင်း အစ္စမေး ဆပ်ဘရီ ရာကွတ်က ဘာနားမားသတင်းဌာနကို ပြောခဲ့ပါတယ်။
RefLCNA