ကျိုက်ထို၊ မတ်(၂၈)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာရှိ စစ်ကောင်စီ ပူးပေါင်းစစ်ဆေးရေးဂိတ်ဟာ မတ် ၂၇ ရက်နေ့ နေ့လည်ပိုင်းမှာ ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် ၃ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ ရဲတပ်ဖွဲ့ အသိုင်းဝိုင်းကနေ သိရပါတယ်။

အဲဒီနေ့ နေ့လည် ၁၂ နာရီအချိန်လောက်မှာ မရမ်းချောင်းစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင် အားစု ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံး ၅ လုံးချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ဒရုန်းဗုံးသီးတွေဟာ မော်တော်ယာဉ်တွေကို စစ်ဆေးနေတဲ့နေရာနဲ့ ရုံးအဆောက်အဦးပေါ် ကျရောက်ပေါက်ကွဲခဲ့တာပါ။ရဲတပ်ဖွဲ့အသိုင်းအဝိုင်းရဲ့ ပြောဆိုချက်အရ အဲဒီတိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ကာစတန်ဝန်ထမ်းတွေ လည်း ထိခိုက်ဒဏ်ရာတာရှိနေပြီး သူတို့အားလုံးကိုတော့ ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ပြောပါတယ်။

မရမ်းချောင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ဒရုန်းလာရာလမ်း ကြောင်းကို လိုက်လံပစ်ခတ်တာနဲ့ အနီးပတ်ဝန်းကျင်နေရာတွေကို ရမ်းသမ်းပစ်ခတ်တာတွေ လုပ် ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၁ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီ တပ်မ ၄၄ ဌာနချုပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း -သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.