ကော့ကရိတ် – မတ်(၂၈)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ မတ်လ (၂၅) နဲ့ (၂၆) ရက်တွေက ဖြစ်ပွားခဲ့တဲ့ ကျုံဒိုးမြို့ပြ စစ်ဆင်ရေးတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးသူ (၁၅) ဦးနဲ့အထက်ရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း များပြားခဲ့တယ်လို့ Lion Battalion Commando Special Forces ဗျုဟာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီလက်အောက်ခံ ကျုံဒိုးရဲစခန်း၊ ဂျိုင်းတံတားနဲ့ ငါးတိုင် အလယ်တန်းစာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ကျုံဒိုးအခြေစိုက် ခြေမြန်တပ်ရင်း ခ.မ.ရ ၅၄၅၊ ခ.မ.ရ ၅၄၆ တပ်တွေနဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) နဲ့ ရဲတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါတယ်။

တိုက်ပွဲနှစ်ရက်တာအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ (၁၅) ဦးနဲ့အထက်ရှိကာ ထိခိုက်ဒဏ်ရာ ရရှိသူတွေများသလို တပ်ပျက်ပြီး စစ်ကြောင်းလိုက်ထွက်ပြေးရမှုတွေ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီကို တိုက်ခိုက်ခဲ့တဲ့ ပူးပေါင်းအဖွဲ့ဘက်က ရဲဘော်(၃) ဦးကျဆုံးထားခဲ့တယ်လို့ Lion Battalion Commando ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေကို ဗျူဟာမှူး ဗိုလ်အယ်စေးဝါးဦးဆောင်တဲ့ Lion Battalion Command Special Forces နဲ့ ကရင့်တော်လှန်ရေးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) တို့ပူးပေါင်း စစ်ဆင်ရေးလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Lion Battalion Commando Special Forces

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.