သံဖြူဇရပ်၊ မတ်(၂၆)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာအုပ်စု ဝင်းစိန်ကျေးရွာအနီး ရော်ဘာခြံမှာ မတ် ၂၄ ရက်နေ့က ရိုဟင်ဂျာ ၁၄၅ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရခိုင်ပြည်နယ်ကနေလာတဲ့ ရိုဟင်ဂျာလူမျိုးတွေ သံဖြူဇရပ်မြို့နယ်အတွင်းရောက်ရှိ ပုန်းခိုနေတယ်ဆိုတဲ့ သတင်းအရ စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့အပါအဝင် အုပ်ချုပ်ရေးအဖွဲ့တွေက သွားရောက်ရှာဖွေစဉ် ဖမ်းဆီးခံလိုက်ရတာပါ။

ဖမ်းဆီးခံလိုက်ရတဲ့ ရိုဟင်ဂျာတွေထဲမှာ အမျိုးသား ၉၁ ဦး၊ အမျိုးသမီး ၅၄ ဦး ပါဝင်ပြီး သူတို့တွေဟာ မွန်ပြည်နယ်ကနေ ထိုင်းနိုင်ငံ၊ ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံကို သွားရောက်ကြမယ့်သူတွေ ဖြစ်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီက သံဖြူဇရပ်မြို့၊ ဘောလုံးကွင်းရှိတဲ့ အားကစားခန်းမမှာ ထားရှိထားပြီး စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ရိုဟင်ဂျာတွေကိုလာပို့တဲ့ လှေသား ၇ ဦးနဲ့ စက်လှေတစ်စီးကိုလည်း စစ်ကောင်စီရေတပ်က သံဖြူဇရပ်မြို့နယ် ကြက်သွန်ကျွန်း မီးပြတိုက်ရဲ့ အရှေ့ဘက်ရေမိုင် ၁ ဒသမ ၅ မိုင်အကွာပင်လယ်ပြင်အတွင်း ဖမ်းဆီးခံလိုက်ရပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း မုဒုံမြို့နယ် ဝဲကလိကျေးရွာနဲ့ကမာအုပ်ကျေးရွာကြားရှိ ဓနိတောအတွင်း ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၄၀ ဦး ဖမ်းဆီးခံထားရတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံသွားမယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပေမယ့် တဖက်မှာတော့ နိုင်ငံအတွင်းသွားလာနေတဲ့ ရိုဟင်ဂျာလူမျိုးတွေကို ဆက်တိုက်ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Pan

All reactions:1.6K1.6K

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.