ရန်ကုန်၊ မတ်(၂၆)

တရားမဝင် လျှပ်စစ်မီးခိုးသုံးသူတွေကို လျှပ်စစ်ဥပဒေနဲ့ အမှုဖွင့်တရားစွဲဆို အရေးယူသွားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC)က မတ် ၂၄ ရက်နေ့မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း YESC က ပြည်သူအချို့ တရားမဝင်လျှပ်စစ်ဓာတ်အား ခိုးသုံးနေတဲ့အတွက် နိုင်ငံတော်လျှပ်စစ်ကဏ္ဍ ဝင်ငွေလျော့နည်းကျဆင်းလာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

YESC ရဲ့ ထုတ်ပြန်ချက်မှာတော့ လျှပ်စစ်မီးကို ခိုးယူသုံးစွဲသူတွေက မီတာမရှိဘဲ တိုက်ရိုက်ခိုးယူတာ၊ မီတာရှိပေမယ့် မီတာမတက်အောင် ပြုလုပ်သုံးစွဲတာ၊ ဆင့်ပွားဓာတ်အား ဆက်သွယ်သုံးတာ၊ အထွေ ထွေ အိမ်သုံးမီတာ၊ အိမ်တွင်းသုံး ပါဝါမီတာတွေကနေ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တာတွေ၊ မီတာတွေပြုပြင်ပြီး ဓာတ်အားသုံးစွဲတာတွေ လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။

တရားမဝင် ဓာတ်အားသုံးစွဲသူတွေကြောင့် ဓာတ်အားပျောက်ဆုံးတာ၊ ဗို့အားကျဆင်းတာ ၊ ထရန်စဖော်တွေ လောင်ကျွမ်းပျက်စီးတာ၊ ဓာတ်လိုက်တာ ၊ မီးဘေးအန္တရာယ်ရှိလာနိုင်တာတွေအပြင် လျှပ်စစ်ကဏ္ဍဝင်ငွေ လျော့နည်းကျဆင်းတာတွေ ဖြစ်ပေါ်နေလို့ YESCက သက်ဆိုင်ရာမြို့နယ်အဖွဲ့တွေနဲ့ ကွင်းဆင်းစစ်ဆေးမယ်လို့ ဆိုထားပါတယ်။

စစ်ဆေးဖော်ထုတ်တွေ့ရှိပါက မီးသုံးစွဲသူကာယကံရှင်အပါအဝင် ပူးပေါင်းကြံစည်ပါဝင် လုပ်ဆောင်သူတွေကို ဓာတ်အားဖြတ်တောက်ပြီး လျော်ကြေးငွေကို တပ်ဆင်ဝန်အားအရ တွက်ချက်တောင်းခံတာ၊ လျှပ်စစ်ဥပဒေနဲ့ အမှုဖွင့်တရားစွဲဆိုခြင်းခံရပြီး ပြစ်မှုထင်ရှားပါက ငွေဒဏ်အပြင် ထောင်ဒဏ်ငါးနှစ်ကနေ ဆယ်နှစ်အထိကျခံရမယ်လို့ သတိပေးထားပါတယ်။

ရန်ကုန်နေပြည်သူတစ်ဦးကတော့ စစ်ကောင်စီက လျှပ်စစ်မီးမှန်အောင် မပေးတဲ့အတွက် အခက်အခဲမျိုးစုံ ရင်ဆိုင်နေပြီး လုပ်ငန်းဆောင်ရွက်မှုတွေကို အရင်လိုမလုပ်နိုင်တော့ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။“ မီးကသိတဲ့အတိုင်း မှန်မှန်မလာဘူးလေ။ မလာချိန်လည်း မလာဘူး။ လာချိန်လည်းပြတ်တယ်။ ကျွန်မဆို အိမ်ရှင်မတစ်ပိုင်း၊ လုပ်ငန်းရှင်တစ်ပိုင်းဆိုတော့ လျှပ်စစ်မီးမရလို့ မီးဖိုချောင်ကိစ္စတွေလစ်ဟင်းတယ်။ အိမ်က ချုပ်သမားငါးယောက်ရှိတဲ့ အထည်ချုပ်စက်ရုံကလည်း အော်ဒါအချိန်မီမပြီးတော့ မလည်ပတ်နိုင်ဘူး။ လျှပ်စစ် မီးကမမှန်တော့ မော်တာစက်တွေအစား ခြေနင်းနဲ့ချုပ်ရတော့ အချိန်မီမပြီးဘူး။ အလုပ်သမားကလည်း အထည် မထွက်တော့ နေ့တွက်မကိုက်တော့ဘူးပေါ့” လို့ ရန်ကုန်မြို့ သာကေတမြို့နယ်က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာ နံနက် ၅ နာရီကနေ ညနေ ၅ နာရီ အထိကို ၄ နာရီခြား တစ်ခါသာ မီးရရှိပြီး ကျန်တဲ့အချိန်တွေ ကိုတော့ YESC က မီးဖြတ်ထားသလို လျှပ်စစ်မီးလာရမယ့်ချိန်တွေမှာလည်း ရံဖန်ရံခါ ပြတ်တောက်မှုတွေ ရှိနေတာကြောင့် ပြည်သူတွေရဲ့နေ့စဉ်ဘဝတွေ အခက်ကြုံနေရတာပါ။

နိုင်ငံတဝန်းကို အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီးပေးနေတဲ့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ကြီး ဌာနက နေပြည်တော်မှာလည်း လျှပ်စစ်မီးကို မတ်လ ၂၃ ရက် နေ့ကစပြီး တစ်ရက်ခြားစီ ၈ နာရီပုံမှန် အလှည့်ကျစနစ်နဲ့သာ ဖြန့်ဝေပေးတော့မယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – YESC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.