လောင်းလုံး၊ မတ်(၂၆)
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာနဲ့အောက်ကျောက်ဝပ်ကျေးရွာတို့ကို စစ် ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ လက်ရှိအချိန်အထိ နေရပ်မပြန်ရဲသေးဘူးလို့ စစ်ရှောင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၁ ရက်နေ့က တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီကျေး ရွာ ၂ ရွာကို ဝင်ရောက်လာပြီးနောက် ဒေသခံနေအိမ် ၁၅၀ နီးပါးကို မီးရှို့ဖျက်ဆီးသွားခဲ့သလို အောက်ကျောက်ဝပ်ကျေးရွာနေ လူငယ်တစ်ဦးကိုလည်း သေနတ်နဲ့ပစ်သတ်သွားခဲ့တာပါ။
စစ်ကောင်စီတပ် မီးဝင်ရှို့တာကြောင့် ညောပြင်ကျေးရွာနဲ့အောက်ကျောက်ဝပ်ကျေးရွာက ဒေသခံ ၁၀၀၀ ကျော်ဟာ နီးစပ်ရာတောတောင်တွေနဲ့ ဘေးလွတ်ရာနေရာတွေမှာ ထွက်ပြေးပုန်းခိုနေရတာပါ။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ စစ်ကောင်စီစစ်ကြောင်း ထပ်မံဝင်ရောက်လာမှာကို စိုးရိမ် တာကြောင့် လက်ရှိအချိန်အထိ နေရပ်မပြန်ဘဲအခြေအနေကို စောင့်ကြည့်နေကြတယ်လို့ စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ နေအိမ်တွေ မီးရှို့ခံထားရတဲ့ စစ်ရှောင်ပြည်သူတွေ ကျေးရွာတွေအတွင်း ပြန်လာပါကလည်း နေထိုင်ဖို့ နေအိမ်တွေမရှိတော့တာ၊ သိုလှောင်ထားတဲ့ စားနပ်ရိက္ခာတွေ မီးထဲပါသွားတဲ့အတွက် အခက်အခဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
ကျေးရွာတွေထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြန်လည်ထွက်ခွာသွားပေမယ့် လောင်းလုံမြို့နယ် ကမြောကင်းတံတားဘက်ခြမ်းမှာ ဆက်ရှိနေပြီး ကင်းပုန်းဝပ်တာနဲ့ လုံခြုံရေးယူတာတွေ ရှိနေတယ်လို့ သိရပါတယ်။
သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ Southern Monitor ရဲ့ ထုတ်ပြန်ချက်အရ တနင်္သာရီတိုင်းအတွင်းမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၃၀၀၀၀ ကျော်အထိ ရှိလာတယ်လို့ မတ်လဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ