နေပြည်တော်၊ မတ်(၂၆)
ပို့ကုန်လိုင်စင် လျှောက်ထားစရာမလိုတဲ့ ကုန်စည်လိုင်းတွေကိုလည်း လိုင်စင်လျှောက်ဖို့ စစ်ကောင်စီရဲ့ ညွှန်ကြားမှုဟာ ကုန်သွယ်ရေးကဏ္ဍတစ်ခုလုံးကို ထိန်းချုပ်လိုက်တာဖြစ်ပြီး ကုန်သွယ်မှုပိုမို ကျဆင်းလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ ပို့ကုန်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက ပို့ကုန်လိုင်စင် လျှောက်ထားဖို့ မလိုတဲ့ ကုန် စည်လိုင်းတွေလည်း Myanmar Tradenet 2.0 စနစ်မှာ လာမယ့် ဧပြီ ၁ ရက်နေ့ကစပြီး ပို့ကုန်လိုင် စင် လျှောက်ထားရမယ်လို့ မတ် ၂၂ ရက်နေ့မှာ ညွှန်ကြားလာတာ ဖြစ်ပါတယ်။
ပို့ကုန်လိုင်စင် လျှောက်ထားခိုင်းရတာဟာ ကုန်သွယ်ရေးလုပ်ငန်းတွေမှာ လိုအပ်တဲ့ပို့ကုန်၊ သွင်းကုန် လိုင်စင် တွေ လွယ်ကူချောမွေ့စွာ ထုတ်ပေးနိုင်ဖို့၊ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ စနစ်တကျ ဆောင် ရွက်နိုင်ဖို့ လုပ်ဆောင်ရတာလို့ ဆိုထားပါတယ်။
ဒါ့အပြင် ပို့ကုန်သွင်းကုန်တွေကို ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးမှတင်ပို့တဲ့ ကုန်စည်တွေအတွက် Myanmar Tradenet 2.0 စနစ်မှာ ပို့ကုန်လိုင်စင်လျှောက်ထားရမှာဖြစ်ပြီး ပို့ကုန်လိုင်စင် လျှောက်ထားပြီးမှသာ တင်ပို့ခွင့်ပြုမယ်လို့ အဲဒီညွှန်ကြားစာမှာ ဖော်ပြပါရှိပါတယ်။
စီးပွားရေးပညာရှင်တစ်ဦးကတော့ ပို့ကုန်လိုင်စင် လျှောက်ထားဖို့မလိုတဲ့ ကုန်စည်လိုင်းတွေကို ပို့ကုန်လိုင်စင် လျှောက်ထားခိုင်းတဲ့အတွက် ကုန်သွယ်မှုအတားအဆီး ဖြစ်လာနိုင်ပြီး ဒီအခြေအနေဟာ နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားမှုကို ပြသနေတာလို့ သုံးသပ်တာပါ။“သူကတော့ အမှန်ကတော့ ကုန်သွယ်မှု အတားအဆီးတစ်ခုပဲပေါ့။ သူ့ရည်ရွယ်ချက်ကတော့ ပို့ကုန်လိုင်စင် လျှောက်လို့ရှိရင် ဘယ်ကုမ္ပဏီကပို့တယ်။ ဘယ်ကုမ္ပဏီတွေက ဘယ်ကုမ္ပဏီတွေကို ပို့တယ်။ ဘာတွေ ဝင်လာမယ်၊ အဲဒီပို့ကုန်တွေဝင်လာတာ သိဖို့အတွက် လုပ်တဲ့ကိစ္စပေါ့။ ဒါပေမယ့် အဲဒီအခက်အခဲကြောင့် Exportမှာ သွားထိနိုင်တာပေါ့၊ ပို့ကုန်ကျသွားနိုင်တာပေါ့၊ နောက်ပြီးတော့ အချိန်တွေ ကြန့်ကြာမယ်၊ တချို့ ဟာတွေမှာ ချက်ချင်းမှာ၊ ချက်ချင်းပို့ လုပ်ရမယ့်ဟာမျိုးတွေ ရှိတယ်။ အဲဒါမျိုးတွေကျတော့ ပို့ကုန်လိုင်စင် စောင့်နေရလို့ရှိရင် ကုန်ကျစရိတ် များတာပေါ့။ ဆိုတော့ မပို့ချင်ကြတော့ဘူး။ နောက်တစ်ခုက ဘော်ဒါကနေ မှောင်ခိုတွေ ထွက်ဖို့ပိုများသွားတာပေါ့။ တိုက် ရိုက်သက်ရောက်မှုကတော့ ပို့ကုန်ကျလို့ရှိရင် ဒေါ်လာအဝင် နည်းလာမယ်။ ဒေါ်လာအဝင်နည်းလာလို့ရှိရင် ဒေါ်လာဈေးတက်သွားမှာပေါ့။ ဒေါ်လာဈေးတက်လို့ရှိရင် Import တွေက ဈေးတက်သွားမယ်။ အဲဒီလို သွယ်ဝိုက်တဲ့နည်းနဲ့တော့ သူကပြည်တွင်းဈေးကွက်ကို လာပြီးတော့ ထိနိုင်တာပေါ့။ အခုဟာ အခြေအနေကို ကြည့်ရတာတော့ နိုင်ငံခြားငွေတော်တော် လိုအပ်နေတယ်လို့ သုံးသပ်ရတာပေါ့”လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ အခုညွှန်ကြားချက်ဟာ ပို့ကုန်ဝင်ငွေမှ (၆၅)ရာခိုင်နှုန်း လဲလှယ်တဲ့နေရာမှာ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိစေဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်လိုက်တာဖြစ်ပေမယ့် ထိရောက်မှု ရှိမှာမဟုတ်သလို ရေရှည်မှာ ပို့ကုန်ကဏ္ဍအပြင် နိုင်ငံခြားဝင်ငွေရရှိမှု ပိုမိုလျော့ကျလာနိုင်တယ်လို့ ဆိုပါတယ်။
ပို့ကုန် လုပ်ငန်းရှင်တစ်ဦးကလည်း စစ်ကောင်စီရဲ့ ညွှန်ကြားမှုဟာ ကုန်သွယ်ရေးကဏ္ဍအားလုံးကို ထိန်းချုပ် လိုက်တာဖြစ်ပြီး အရင်ထဲကလိုင်စင်အပြင် ဒေါ်လာဈေးငွေလဲရတဲ့ အခက်အခဲရှိနေတဲ့အတွက် အခုလို လုပ်ရပ်ကြောင့် ကုန်သွယ်မှု ပိုမိုကျဆင်းလာနိုင်တယ်လို့ ပြောပါတယ်။
“ဒါဟာရှိသမျှအကုန် လိုင်စင်လျှောက်၊ ပို့ကုန်ရော၊ သွင်းကုန်ရော၊ အရင်တုန်းကဆိုရင်တော့ တရား ဝင် ပစ္စည်းတွေ ဘာတွေဆိုရင်တော့ လျှောက်စရာ မလိုဘူးပေါ့ဗျာ။ နောက်ပြီးတော့မှ ထုတ်ကာနီးမှ လျှောက်ရတာ၊ အခုကတော့ မြန်မာပြည်ကိုပို့မယ့် ပစ္စည်းကြိုပြီးသွားမယ့် ဟာတွေဘာတွေ မရှိတော့ဘူး။ လိုင်စင်ရောက်ပြီးတော့မှ ပစ္စည်းကိုသွင်းဆိုတဲ့ဟာမျိုး။ ကုန်သွယ်ရေးအကုန်လုံးကို ထိန်းချုပ်လိုက်ပြီးပေါ့ဗျာ။ ကုန်စည်တွေအကုန်လုံး သူကို့အသိပေးပြီး သူရဲ့ ခွင့်ပြုချက်နဲ့ သွင်းရမယ်ဆိုတဲ့ သဘော ဖြစ်သွားတာပေါ့။ မဆ လခေတ်တောင် မဟုတ်ဘူး။ တပ်မတော် အစိုးရခေတ်လေ၊ နအဖခေတ်ကလိုတောင် ပြန်ဖြစ်သွားတာလေ၊ လိုင်စင်ဖိုးရှိရင် လိုင်စင်ဖိုးကတော့ ထည့်တွက်ရမှာဘဲ။ အခြားကုန်ကျစရိတ်တွေက ထက်များလာတဲ့အတွက်၊ ဒီဟာက သွင်းကုန်ပစ္စည်းတွေ ဆိုရင်တော့ ကုန်စည်ဈေးနှုန်းက မြင့်တက်လာလိမ့်မယ်။ အခုက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေက လိုင်စင်တစ်ခုထဲရဲ့ ကိစ္စတွေအတွက်မဟုတ်ဘူး။ ဒေါ်လာဈေးတွေရော ငွေလဲရတဲ့ အခက်အခဲတွေရော ဒီသင်္ဘောမရတာတွေရော ဒီပြဿနာတွေ အားလုံးကြုံရတာပေါ့။ အခုက အမြင့်ဆုံး အစီအစဉ်နဲ့ဖြစ်နေတော့ နည်းနည်းတော့ ပို့ကုန်လုပ်ရတဲ့သူတွေ နည်းနည်းလေတော့ ပိုခက်သွားတဲ့ သဘောပေါ့။ (၂၀) ရာခိုင်နှုန်းလောက် ခက်သွားတာပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ မလိုလားအပ်တဲ့ ပို့ကုန်သွင်းကုန်ကဏ္ဍ ထိန်းချုပ်မှုကြောင့် ရေရှည်မှာ ပို့ကုန်သွင်းကုန် လုပ်ငန်းတွေ အနေနဲ့ ရပ်တည်ဖို့ ခက်ခဲလာနိုင်သလို မှောင်ခိုလုပ်ငန်းတွေ ကြီးထွာလာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ (၂၁)ရက်နေ့ကလည်း လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ပဲမျိုးစုံ၊ ဆီ ထွက်သီးနှံ၊ ပြောင်း၊ ရော်ဘာနဲ့ ရေထွက်ကုန် ပစ္စည်းတွေကို ပို့ကုန်ရငွေရဲ့ (၆၅) ရာခိုင်နှုန်းကို လက်အောက်ခံ ဗဟိုဘဏ်ရဲ့ ငွေလဲလှယ်နှုန်းအတိုင်း မြန်မာကျပ်ငွေနဲ့ လဲလှယ်ခိုင်းခဲ့တာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၂၃)ရက်နေ့ကလည်း ဆန်နဲ့ဆန်ထွက်ကုန် ပစ္စည်းတင်ပို့မှုမှရရှိတဲ့ ပို့ကုန်ဝင်ငွေရဲ့ (၆၅) ရာခိုင်နှုန်းကို လက်အောက်ခံ ဗဟိုဘဏ်ရဲ့ ငွေလဲလှယ်နှုန်းအတိုင်း မြန်မာကျပ်ငွေနဲ့ လဲလှယ်ခိုင်းသလို လက်ရှိမှာလည်း ပို့ကုန်လုပ်ငန်းအားလုံးကို ထိန်းချုပ်ဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ပြည်ပကိုပို့ဆောင်တဲ့ ပို့ကုန်အနေနဲ့ ဆန်နဲ့ဆန်ထွက်ပစ္စည်း၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ရော်ဘာနဲ့ ရေထွက်ကုန်တွေကို အဓိကတင်ပို့နေသလို ပြည်ပနိုင်ငံတွေကနေ အခြေခံ စားသောက်ကုန်၊ လူသုံးကုန်၊ စက်ပစ္စည်း၊ ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်းတွေအပြင် အထွေထွေသုံး ပစ္စည်းတွေကိုပါ တင်သွင်းနေတာ ဖြစ်ပါတယ်။
သတင်း -သံလွင်တိုင်းမ်
ဓာတ်ပုံ – ကုန်သွယ်ရေးဦးစီးဌာန