ထားဝယ်၊ မတ်(၂၄)
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးရှိ စစ်ကောင်စီ ဘုရားမဲစစ်ဆေးရေး ဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ ဥသြစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
တပ်အင်အား ၃၀ နီးပါး တပ်စွဲနေထိုင်တဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့ နေ့လည် ၁ နာရီလောက်မှာ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊လက်နက် ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲအချိန် တစ်နာရီနီးပါးအကြာ ဖြစ်ပွားခဲ့သလို စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လူနာတင်ယာဉ်နဲ့ လာရောက် သယ်ဆောင်တာတွေ ရှိပေမယ့် အရေအတွက် အတိအကျ မသိရဘူးလို့ ဥသြစစ်ကြောင်း တာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါ တယ်။
ဘုရားမဲစစ်ဆေးရေးဂိတ်ဟာ ရေး-ထားဝယ်ကားလမ်းပေါ်မှာရှိပြီး ရေဝိုင်း-မောင်မယ်ရှောင်လမ်းပိုင်းရဲ့ အဓိက ကျတဲ့ ဂိတ်ဖြစ်သလို ဖြတ်သွားဖြတ်လာကားတွေကို စစ်ဆေးတင်းကျပ်တာအပြင် ကျေးရွာတွေဘက်ကိုလည်း ဆန်သယ်ယူမှု အဓိကကန့်သတ်နေတဲ့ ဂိတ်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် မတ် ၂၃ ရက်နေ့မှာတော့ ပုံမှန်အတိုင်း ပြန်လည်သွားလာတာတွေ ရှိနေပြီး တိုက်ပွဲထပ်ဖြစ်တာ မရှိတော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၁ ရက်နေ့တုန်းကလည်း တော်လှန်ရေးအင် အားစု ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ထားသလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း သေဆုံးထားတယ်လို့ သိရပါတယ်။
သတင်း- သံလွင်တိုင်းမ်ဓာတ်ပုံ- The Tanintharyi Times