ညောင်လေးပင်၊ မတ်(၂၃)

နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ KNU ဗဟိုက မတ် ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၂၀)ရက်နေ့ ညနေပိုင်းက KNU ရွှေကျင်မြို့နယ်အုပ်ချုပ်နယ်မြေအတွင်းရှိ တကက်ပူကျေးရွာထဲ ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်(၂)စီးနဲ့ (၅)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် တကက်ပူကျေးရွာအပါအဝင် အနီးအနားရှိ သေခိုစယ်ဒဲ၊ ကော်မူဒဲနဲ့ ထီးမော်ကွယ်ခီးကျေး ရွာတွေက ဒေသခံပြည်သူလူထုတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် KNU ကျောက်ကြီးမြို့နယ် အုပ်ချုပ်နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တကော်ဒဲကျေးရွာအတွင်းရှိ စာသင်ကျောင်း(၁)ကျောင်းနဲ့ ဒေသခံပြည်သူနေအိမ်(၅)လုံး မီးလောင်ပြာကျ ခဲ့ရတဲ့အပြင် အသက်(၇၀)အရွယ် ဒေသခံအမျိုးသား(၁)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကျေးရွာပေါင်း (၁၇) ရွာက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။

ဒီလို KNU ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်ထဲမှာ မတ်လ(၂၀)ရက်နေ့ (၁)ရက်ထဲ စစ်ကောင်စီတပ်က တိုက် လေယာဉ်နဲ့ (၉)ကြိမ် လာရောက်ပြီး ဗုံး(၂၈)လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ဒေ သခံပြည်သူလူထု (၃၁၅၉)ဦးဟာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာ ဖြစ်ပါတယ်။

အခု မတ်လထဲမှာ KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်အုပ်ချုပ်နယ်မြေဖြစ်တဲ့ ရွှေကျင်မြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်ထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ပူးပေါင်းတပ်ဖွဲ့တို့နဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိတယ်လို့ KNU က ထုတ်ပြန်ထားတာပါ။

KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲမှာ KNLA KNDO ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု လေကြောင်းတိုက်ခိုက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေကြောင့် ခရိုင်အတွင်းရှိ ဒေသခံပြည်သူလူထု (၁၄၀,၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရကာ လူသားချင်းစာနာမှုအကူအညီတွေလည်း ဆက်လက်လိုအပ်လျက်ရှိနေတယ်လို့ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.