မော်လမြိုင် ၊ မတ် (၂၃)

သယ်ယူပို့ဆောင်ရေး လမ်းခရီးကြန့်ကြာတာအပြင် စက်သုံးဆီ ရောင်းချပေးမှု ထပ်မံလျှော့ချလာတာကြောင့် မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်တချို့မှာ ဆီပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်သုံးဆီ သယ်ယူပို့ဆောင်တဲ့နေရာမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ ကားတန်းရာနဲ့ချီပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတာကြောင့် အရင် တစ်ရက်တာ ခရီးကို (၃)ရက်ကြာ သွားလာနေရတဲ့အတွက် လမ်းခရီးကြန့်ကြာမှုတွေ ဖြစ်ပေါ်နေတာပါ။

ဒါ့အပြင် အာဏာသိမ်းဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်းမြင့်တက်နေမှုကြောင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချဖို့အတွက် ပြည်ပကနေ တင်သွင်းတဲ့ စက်သုံးဆီသုံး စွဲမှုတွေကို တတ်နိုင်သမျှလျှော့ချဖို့ ပြောဆိုပြီးနောက် စက်သုံးဆီခွဲတမ်းနဲ့ ရောင်းချပေးမှုကို ထပ်မံလျှော့ချလာတာ ဖြစ်ပါတယ်။

စက်သုံးဆီခွဲတမ်းတွေကို (၁၀)ရာခိုင်နှုန်းလောက် လျော့ချလိုက်တာကြောင့် ဖြန့်ဖြူးရောင်းချမှု အ ချိုးနဲ့ သုံးစွဲမှု အချိုး မညီမျှမှုပြဿနာကြောင့် စက်သုံးဆီတွေ ပြတ်လပ်နေတာဖြစ်တယ်လို့ စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“အဓိက ကတော့ ညောင်ခါးရှည်မှာ ကားပိတ်လို့၊ ဆင်းလာလို့ရှိရင်လည်း ညောင်ခါးရှည်မှာ ကား(၃) ရက် လောက် ကြာပြန်ရော၊ ကားပိတ်လို့ အဓိကဖြစ်တာရယ်၊ နောက်ပြီးတော့ သီလဝါမှာလည်း နည်းနည်း ခွဲတမ်းတွေက ထပ်လျော့တယ်။ အခုဆိုရင် ပုံမှန်လီတာ (၁)သောင်းဆိုရင် (၁၀) ရာခိုင်နှုန်းလောက် ထပ်လျော့တာပေါ့ ခွဲတမ်းတွေက။ အဓိက ဒေါ်လာသုံးစွဲမှု အားလည်းလျော့တာပေါ့။ သူတို့ သီလဝါက အခုဖြန့်ပေးနေတဲ့ အချိုးနဲ့တကယ်သုံးစွဲရတဲ့ဟာတွေနဲ့က စက်ရုံ၊ အလုပ်ရုံတွေဆိုရင် တချို့တွေဆိုရပ်နေတယ်လေ၊ ဆီကဝယ်လို့မှ မရတာကို။ ရေရှည်ကတော့ မှောင်ခိုပုံစံမျိုး လမ်း ကြောင်းတွေ ပေါ်လာမယ်။ တရားမဝင်လမ်းကြောင်းတွေ ပေါ်လာမယ်၊ ဈေးတွေ မြင့်လာမှာပေါ့။ လက်ရှိသူကြေညာတဲ့ ဈေးကတစ်မျိုး၊ တကယ်ဆီက အပြင်မှာဝယ်ရတော့ ပုံစံတစ်မျိုး။ အဲဒီလို ဝယ်ရတဲ့ အခါကျတော့လည်း အပြင်အမြင့်ဈေးနဲ့ လိုက်ရောင်းရတာပေါ့၊ ဆီမပြတ်ဖို့ အတွက်ကိုလေ”လို့ ဆိုပါတယ်။

စက်သုံးဆီရောင်းချပေးမှု လျှော့ချလိုက်တာကြောင့် စက်သုံးဆီပြတ်လပ်မှု မကြာခဏဖြစ်ပေါ်လာနိုင်သလို ရေရှည်မှာမှောင်ခိုဈေးကွက် ပေါ်ပေါက်လာနိုင်တယ်လို့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။

လက်ရှိမှာတော့ ပြည်နယ်အတွင်း စက်သုံးဆီတွေမှာ ဓါတ်ဆီအပြင် ဒီဇယ်ဆီတွေပါ ပြတ်လပ်မှုတွေ ရှိနေသလို တချို့ဆိုင်တွေက အကန့်အသတ်ရောင်းချတာတွေ ရှိနေပါတယ်။

စက်သုံးဆီပြတ်လပ်နေတာကြောင့် ဆီဝယ်ယူဖို့ အခက်အခဲရှိလာတယ်လို့ သုံးဘီးယာဉ်မောင်း တစ်ဦးက အခုလို ပြောပါတယ်။

“မနေ့က ကျွန်တော် ဆီသွားထည့်တော့ မြို့ထဲက ဆိုလို့ရှိရင် Denkoဆိုင်က ကုန်သွားတယ်။ နောက် ပြီးတော့ PT Powerက မနက် (၈)နာရီက စပြီးတော့ ညမိုးချုပ်တဲ့ထိ ဆီလုံးဝမရှိဘူး။ New Dayမှာ ရှိတယ်၊ New Day မှာ အစောကြီး ပိတ်သွားပြန်တယ်။ ဆီခွဲတမ်း နည်းလို့။ တခြားဆိုင်ကြီးတွေကလည်း (၉၅)ပဲရှိတယ်၊ တခြားဟာမရှိဘူး။ မနေ့က ဆီတော်တော်လေးကို ဂယက်ထသွားတယ်။ ကျွန်တော်တို့က အခုဆိုရင်ဆီကို အရင်ကလိုမျိုး ဆီကျန်အောက်မှတ်ထိ ထားလို့မရတော့ဘူး၊ ဆီရှိမှဘဲ သွားလာလှုပ်ရှားလို့ ရမှာဆိုတော့လေ။ ဆီက မကုန်ခင်မှာ ညပိုင်းကို အဓိကဦးစားပေးထားပြီးတော့ ညပိုင်းတောင်မှ (၆)နာရီ ဝန်းကျင်ပဲ။ (၆)နာရီ ဝန်းကျင် ကျော်လို့ ရှိရင် ဆိုင်တွေကပိတ်ပြီး ဆိုတော့လေ။ အခုကုန်မှ သွားထည့်မယ်ဆိုတဲ့ အနေအထားမျိုးက မရတော့ဘူး၊ အဲဒီတော့ ဆီကို ညပိုင်းထဲက ကျွန်တော်တို့ ကြိုပြီး ထည့်ထားရတယ်၊ မနက်မိုးလင်းမှ သွားဖြည့်ရင်တော့ လမ်းမှာတွန်းရမယ့် အနေအထားပဲ။ အခက်အခဲတော့ အများကြီးပေါ့”လို့ ဆိုပါတယ်။

စက်သုံးဆီဆိုင်တချို့မှာ စက်သုံးဆီပြတ်လပ်နေပေမယ့် စက်သုံးဆီဈေးနှုန်းတွေကတော့ ဓါတ်ဆီ (၉၅) တစ်လီတာကို ကျပ်(၂၂၀၀) ကျော်၊ (၉၂) တစ်လီတာကို ကျပ်(၂၁၀၀) နီးပါး၊ ဒီဇယ်တစ်လီတာကို ကျပ်(၂၂၀၀) ဝန်းကျင်နဲ့ အမြင့်ဈေးမှာပဲ ဆက်ရှိနေတာ ဖြစ်ပါတယ်။

စက်သုံးဆီတွေ မကြာခဏ ပြတ်လပ်လာတာကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာ အခက် အခဲ ဖြစ်ပေါ်လာနိုင်သလို လျှပ်စစ်မီးပုံမှန်မရတာကြောင့် မီးစက်ကြီးတွေကို အဓိကအားထားပြီး လုပ်ကိုင်နေရတဲ့ အသေးစား၊ အလတ်စားလုပ်ငန်းတွေအပြင် အကြီးစားလုပ်ငန်းတွေပါ ထိခိုက်လာနိုင်တယ်လို့ လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ NLD အစိုးရလက်ထက်တုန်းက တစ်လီတာကို ကျပ် (၆၀၀) ဝန်းကျင်သာ ရှိခဲ့ရာကနေ စစ်တပ် အာဏာသိမ်းပြီးနောက် ဈေးနှုန်း (၄)ဆကျော် မြင့်တက်လာသလို ဈေးနှုန်းမတည် ငြိမ်တာနဲ့ မကြာခဏ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TLT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.