မော်လမြိုင်၊ မတ်(၂၂)
အာာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ အထည်ချုပ်စက်ရုံတွေဟာ အလုပ်သမားဥပဒေတွေကို ချိုးဖောက်ပြီး ခေါင်းပုံဖြတ်မှု မျိုးစုံပြုလုပ်နေသလို အလုပ်သမားတွေကို ခွင့်မပေးတာနဲ့ လုပ်ခလစာမပေးတာတို့ကို အများဆုံး ကျုးလွန်နေတယ်လို့ မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် (FGWM)က ပြောဆိုလိုက်ပါတယ်။
FGWM ရဲ့ စစ်တမ်းတွေအရ ၂၀၂၂ခုနှစ်အတွင်း အထည်ချုပ်စက်ရုံ ပေါင်း (၁၂၄) ရုံဟာ အလုပ်သ မားတွေကို ခွင့်မပေးတာ၊ ခွင့်ယူပါက ရက်ပျက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လုပ်ခလစာဖြတ်တောက်တာ၊ အလုပ်သ မားတွေရဲ့ရပိုင်ခွင့်ကို ငြင်း ပယ်တာ၊ ခွဲခြားဆက်ဆံတာ၊ နားရက်မရှိ အချိန် ပိုခေါ်ယူပြီး လုပ်ခမပေးမှုတွေကို အများဆုံးဖောက်ဖျက်ကျူးလွန်မှုတွေကို တွေ့ရှိခဲ့တာပါ။
အဲဒီထဲမှာ အချိန်ပိုခေါ်ယူခဲ့တဲ့ စက်ရုံ (၅၅)ရုံမှာ လုပ်ခလစာမပေးတာ (၃၃)ရုံ ရှိခဲ့သလို အလုပ်သမားတွေ ဆန္ဒမပါဘဲ ခြိမ်းခြောက်ဖိအားပေးပြီး အချိန်ပိုဆင်းခိုင်းတဲ့ စက်ရုံက စုစုပေါင်း (၂၈)ရုံ ရှိခဲ့တာ ဖြစ်ပါတယ်။
စက်ရုံ၊ အလုပ်ရုံပိုင်ရှင်တွေက အာဏာသိမ်းကာလအလွန်မှာ အလုပ်သမားဆိုင်ရာဥပဒေပိုင်း ကိုင် တွယ်မှုလျော့နည်းလာမှုကို အခွင့်ကောင်းယူကာ အလုပ်သမားတွေအပေါ် ဥပဒေလက်တစ် လုံးခြားလုပ်ပြီး လုပ်ခလစာ ခေါင်းပုံဖြတ်မှုတွေ ပုံမှန်လုပ်နေကျ အလုပ်တစ်ခုသဖွယ် ဖြစ်လာနေတယ်လို့ မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) အတွင်းရေးမှူးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး အထည်စံချိန်ကို တစ်နေ့ကို မလုပ်နိုင်တဲ့ စံချိန်ကိုတောင်းတာ။ လူတစ်ယောက်က တစ်နာရီကိုအထည်(၅၀)ပဲပြီးနိုင်တာကို(၆၅)ထည် တောင်းတာမျိုးပေါ့။ အဲဒီတော့အလုပ် သမားက အလုပ်ချိန် (၈)နာရီ အိုတီချိန် (၂)နာရီပေါင်းလိုက်ရင်(၁၀)နာရီမှာ အထည် (၆၅၀)ထွက်ရမယ်ပေါ့။ ၆၅၀ မပြည့်ခဲ့ဘူးဆိုရင် အထည်မပြည့်တဲ့အတွက် မင်းတို့တွေ အိုတီအလကားဆင်းပေးရမယ်။ မဆင်းနိုင်ရင် မနက်ဖြန် ဒီအလုပ်ကြွေးကိုဆပ်ဆိုတဲ့ ပုံစံမျိုးနဲ့ အလုပ်သ မားကို ဖိအားပေးခိုင်းလာတယ်။ လခစားတွေကို လုပ်ခလစာ ပြည့်ပြည့်ဝဝမပေးချင်လို့ အပြစ်အမျိုးမျိုးရှာပြီး အလုပ်ထုတ်တယ် ”လို့ မြန်မာနိုင်ငံအထွေထွေအ လုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) မှ ဒေါ်အိအိဖြူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် လုပ်သက်သုံးလနဲ့အထက် အလုပ်သမားတွေကို အမြဲတမ်းဝန်ထမ်းအဖြစ် မခန့်တာ၊ ဥပဒေပါခံစားခွင့် တွေ မရတာ၊ ရက်ပျက်ကြေးအဖြစ် လစာငွေဖြတ်တောက်ခံရတာ၊ ထမင်းစားဆောင်သန့်ရှင်းမှုရှိအောင် မထားရှိတာတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
အလုပ်သမားအခွင့်အရေးချိုးဖောက်မှု အများဆုံးဖြစ်ခဲ့တဲ့ လုပ်ငန်းအမျိုးအစားတွေဟာ အားကစားပစ္စည်း ထုတ်စက်ရုံက ၀ ဒသမ ၈ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုလုပ်ငန်းတွေက ၁ ဒသမ ၆ ရာခိုင်နှုန်း ၊စက်မှုလုပ်ငန်း တွေက ၄ ဒသမ ၁ ရာခိုင်နှုန်း၊ လူသုံးကုန်လုပ်ငန်းတွေက၂ ဒသမ ၄ ရာခိုင်နှုန်း၊ ချုပ်လုပ်ရေးလုပ်ငန်းတွေ ကတော့ ၇၈ ရာခိုင်နှုန်းနဲ့ ချိုးဖောက်မှု အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
တဖက်မှာတော့ အလုပ်သမားတွေဟာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို စစ်ကောင် စီထံ သွားရောက်တိုင်ကြားပေမယ့် ကူညီဖြေရှင်းဆောင်ရွက်ပေးတာ မရှိဘူးလို့ အလုပ်သမားတွေက ဆိုကြပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းပြီး နောက်ပိုင်း လူဦးရေ ၁ ဒသမ ၆ သန်းက အလုပ်လက်မဲ့ ဖြစ်သွားပြီး အဲဒီအထဲက အလုပ်သ မား ၃ သိန်းကျော်ဟာ အထည်ချုပ်အလုပ်သမားတွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – European Union Myanmar