မော်လမြိုင်၊ မတ်(၂၁)

မွန်ပြည်နယ်မှာ မတ် ၁၆ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ၅ ရက်အတွင်း ကိုယ့်ကိုကိုယ် အဆုံးစီရင်မှု ၃ ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၆ ရက်နေ့က ရေးမြို့နယ် ရန်ကြီးအောင်ရပ်ကွက်နေ အမျိုးသားတစ်ဦးဟာ နေအိမ်အတွင်း ဆွဲကြိုးချ အဆုံးစီရင်ခဲ့သလို မတ် ၁၇ ရက်နေ့ကလည်း မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် ဒေါင်းမင်းရပ်နေ အသက် ၄၀ အမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့တာပါ။

ဒါ့အပြင် မတ် ၂၀ ရက်နေ့ မနက်ပိုင်းမှာလည်း မုတ္တမမြို့၊ မြင်းတပ်ရပ်ကွက်နေ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးမှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။

ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားတဲ့သူတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စားဝတ်နေရေး အခက် အခဲရှိတာ၊ မိသားစုပြဿနာတွေကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျန်းမာရေးဆရာဝန်ကြီးတွေကတော့ ကိုယ့်ကိုကိုယ် အဆုံးစီရင်မှုတွေဟာ စိတ်ပိုင်းဆိုင်ရာ ပြဿ နာရှိတာ၊ စိုးရိမ်စိတ်လွန်ကဲနေတာ၊ စိတ်ဓါတ်တွေ အလွန်အမင်း ကျဆင်းနေတာ၊ မျှော်လင့်ချက်ကင်းမဲ့သွားတဲ့အတွက် အများဆုံးဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အဆိုအရ ကမ္ဘာ့ပေါ်မှာ နှစ်စဉ် လူဦးရေ ၈ သိန်းလောက် အဆုံးစီရင်နေတာ ဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ လူအယောက်တစ်သိန်းမှာ ၁၃ ရာခိုင်နှုန်းလောက် ပါဝင်နေကာ စစ်တပ် အာဏာသိမ်းပြီးနောက် အဆုံးစီရင်မှု ပိုမိုမြင့်တက်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.