တိုင်ပေ – မတ်(၂၂) 

ထိုင်ဝမ်အရှေ့ဘက် ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်မှာ ပြင်းအား (၅.၃) အဆင့်ရှိတဲ့ငလျင် တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ တိုင်ပေ ဗဟိုအစိုးရ မိုးလေဝသဗျူရို (CWB) က သတင်းထုတ်ပြန် ထားပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ(၂၀) ရက်နေ့က (၁) မိနစ်ကြာလှုပ်ခတ်သွားတာဖြစ်ပြီး ဟွာလီယန်ခရိုင်ရဲ့ မြောက်လတ္တီကျူ ၂၄ . ၁၃ ဒီဂရီနဲ့ အရှေ့လောင်ဂျီကျူ ၁၂၁.၇၁ ဒီဂရီ၊ မြေအောက် အနက် (၁၁) ကီလိုမီတာကို ဗဟိုပြုပြီး ငလျင်လှုပ်ခတ်ခဲ့တာပါ။ 

ဒီလှုပ်ခတ်မှုကြောင့် ဟွာလီယန်ခရိုင်ကလူနေအိမ်အဆောက်အအုံ အပါအဝင် လမ်းတချို့ ပျက်စီး သွားခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားပေမယ့် တိုင်ပေအစိုးရကတော့ ထုတ်ပြန် ထားတာမရှိပါဘူး။ 

လက်ရှိမှာတော့ ငလျင်ကြောင့် ပျက်စီးသွားတဲ့ ဧရိယာတွေကို စီစစ်နေပြီး ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိနိုင်ဘူးလို့ မိုးလေဝသဗျူရို(CWB) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

ထိုင်ဝမ်ကျွန်းဟာ ငလျင်လှုပ်ခတ်နိုင်ခြေမြင့်မားတဲ့ ကျွန်းနှစ်ခုရဲ့ အနီးမှာ တည်ရှိနေပြီး ဟွာလီယန်ခရိုင်ဟာ မကြာခဏ ငလျင်လှုပ်ခတ်မှု ဖြစ်ပေါ်နေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ 

ထိုင်ဝမ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ငလျင်(၅) ကြိမ်ထက်မနည်းလှုပ်ခတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်က ပြင်းအား (၆.၅) မဂ္ဂနီကျူအဆင့် ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး (၁၆) ဦး သေဆုံးကာ (၂၅၈) ဦးလောက်ထိခိုက်ဒဏ်ရာရရှိထားပါသေးတယ်။ 

ဒါ့အပြင် ထိုင်ဝမ်တောင်ပိုင်းမှာ ၂၀၁၆ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူ(၁၀၀) ကျော်သေဆုံးဖူးသလို ၁၉၉၉ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား (၇.၃) အဆင့်ရှိတဲ့ ငလျင် ကြောင့် အနည်းဆုံး လူ (၂၀၀၀) ကျော်သေဆုံးထားတယ်လို့ သိရပါတယ်။ 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.