မော်လမြိုင် – မတ်(၂၁)

တရုတ်နိုင်ငံအနေနဲ့ စစ်အုပ်စုရဲ့ မြန်မာနိုင်ငံအနှံ့အပြားမှာ လူမဆန်တဲ့ လုပ်ဆောင်မှုတွေ၊ သတ်ဖြတ်မှုတွေကို တားဆီးနိုင်ဖို့ ပိုမိုဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒီနေ့ မတ်လ(၂၁) ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(၁၁)ကြိမ် မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။

“မြန်မာ့အရေးအတွက် တရုတ်နိုင်ငံရဲ့ကြား၀င်လုပ်ဆောင်ပေးမှုကိုလည်း ကျွန်တော်တို့အနေနဲ့ အသိအမှတ်ပြုပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ မြန်မာနိုင်ငံအနှံ့အပြားမှာ လူမဆန်တဲ့ လုပ်ဆောင်မှုတွေ၊ သတ်ဖြတ်မှုတွေကို တားဆီးနိုင်ဖို့အတွက် ပိုမို ဆောင် ရွက်ပေး ဖို့ကို တိုက်တွန်းလိုပါတယ်” လို့ ယာယီသမ္မတက ပြောခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိအချိန်ဟာ တော်လှန်ရေးအင်အားစုအားလုံးကြားမှာ အခုထက်ပိုပြီး စည်းစည်းလုံးလုံးနဲ့ စစ်အုပ်စုကို ဖြုတ်ချဖို့ လုပ်ဆောင်ရမယ့် အချိန်ဖြစ်တဲ့အတွက် ပိုမိုစည်းလုံးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဆက်လက်ပြီး CRPH ကိုယ်စားလှယ်အဖြစ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် အမျိုးသား လွှတ်တော်အမတ် ဒေါက်တာဝင်းမြတ်အေးက ဘာရိန်းနိုင်ငံ မနားမား မှာ ကျင်းပခဲ့တဲ့ ဂျနီဗာ အခြေစိုက် နိုင်ငံတကာလွှတ်တော်အမတ်များသမဂ္ဂညီလာခံမှာ ပြည်သူက ရွှေးချယ်တင်မြောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အပြစ်မဲ့ အရပ်သားတွေကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်နေတဲ့အကြောင်း တင်ပြနိုင်ခဲ့တာကိုလည်း ယာယီသမ္မတက အသိပေးခဲ့ပါတယ်။

အခုလို ပြည်တွင်း၊ပြည်ပအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး မဝေးတော့တဲ့ အနာဂတ်မှာ စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို နိုင်ငံတကာ တရားရေးရာအဖွဲ့တွေနဲ့ တရားစွဲဆို အပြစ်ပေးမှုတွေ လုပ်ဆောင်နိုင်တော့မှာဖြစ်တယ်လို့ ဆိုထားပါတယ်။

တဖက်မှာလည်း စစ်အုပ်စုက မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်နွှဲပြီး အကြမ်းဖက်မှုတွေကို အဆက်မပြတ် လုပ်ဆောင်နေတာတွေကြောင့် အသက် အိုးအိမ် စွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူတွေကို အကူအညီပေးနိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေပြီး ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ NUG ယာယီသမ္မတက ပြောပါတယ်။

နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းမှုအလွန် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီအထိ စစ်ကောင်စီနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် တိုင်းဒေသကြီး (၅) ခုနဲ့ ပြည်နယ် (၇) က အရပ်သားပြည်သူတွေရဲ့နေအိမ်ပေါင်း ၆၀,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar က ထုတ်ပြန်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.