ထိုင်ဝမ်၊ မတ်(၂၁)
ထိုင်ဝမ်သမ္မတဟောင်း မာရင်ဂျိုးဟာ အခုလအတွင်း တရုတ်နိုင်ငံကို သွားရောက်လည်ပတ်သွားမယ်လို့ သူ့ရဲ့ ရုံးအဖွဲ့က ပြောကြားခဲ့ပါတယ်။
သမ္မတဟောင်းရဲ့ အဲဒီခရီးစဉ်ဟာ ၁၉၄၉ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် သွားရောက်တဲ့ ထိုင်ဝမ် ခေါင်းဆောင်တစ်ဦးရဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားတဲ့ ထိုင်ဝမ်အစိုးရရဲ့ အချုပ်အခြာအာဏာကို လက်ခံနိုင်ရေးအတွက် စစ်အင်အားနဲ့ နိုင်ငံရေးအင်အား အသုံးပြုပြီး လုပ်ဆောင်လာချိန်မှာ ဘေဂျင်းနဲ့ ထိုင် ဝမ်တို့အကြား တင်းအားအမြင့်ဆုံးဖြစ်ပေါ်နေချိန် မစ္စတာမာရဲ့ခရီးစဉ် ထွက်ပေါ်လာတာပါ။
မစ္စတာမာဟာ ထိုင်ဝမ်ကူမင်တန်အတိုက်အခံပါတီရဲ့ အကြီးတန်းအဖွဲ့ဝင်အဖြစ် ရှိနေသေးပြီး လက်ရှိထိုင်ဝမ် သမ္မတ ရွေးကောက်မခံရမီ ၂၀၁၅ ခုနှစ်နှောင်းပိုင်းမှာ တရုတ်သမ္မတရှီကျင်းဖျင်နဲ့ စင်ကာပူမှာ မှတ်မှတ်ရရ ပြုထိုက်တဲ့ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ဖူးပါတယ်။
မစ္စတာမာ ရုံးအဖွဲ့ရဲ့ ပြောကြားချက်အရ သူဟာ မတ်လ ၂၇ ရက်နေ့ကနေ ဧပြီ ၇ ရက်နေ့ အထိ တရုတ်ကို လည်ပတ်သွားမှာဖြစ်ပြီး နန်ဂျင်၊ ဝူဟန်၊ ချန်ရှာ၊ ချွန်ကင်နဲ့ ရှန်ဟိုင်းမြို့တွေကို လည်ပတ်သွားမှာဖြစ်တယ်လို့ လည်း သိရပါတယ်။
ဒါ့အပြင် ကျောင်းသူ/သားတွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပြီး ဒုတိယကမ္ဘာစစ် ကာလနဲ့ ဆက်စပ်တဲ့နေရာတွေ၊ တရုတ်ဂျပန်အရေးအခင်းနဲ့ ပတ်သက်တဲ့ နေရာတွေကို ကြည့်ရှုသွားမယ်လို့လည်း သိရပါတယ်။
ဒါပေမယ့် မစ္စတာမာအနေနဲ့ မစ္စတာရှီ အပါအဝင် တရုတ်အာဏာပိုင်တွေ ဒါမှမဟုတ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခြင်းရှိ၊မရှိကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
တရုတ်နဲ့ သမာရိုးကျ အနီးကပ်ဆက်ဆံရေးကို ဦးစားပေးတဲ့ ထိုင်ဝမ်နိုင်ငံရဲ့ ကူမင်တန် အတိုက်အခံပါတီ ဟာ ဘေဂျင်းဆန့်ကျင်ရေးကို ငြင်းဆန်လျှက်ရှိပြီး ကိုဗစ်ခရီးသွား ကန့်သတ်ချက်တွေ ရုတ်သိမ်းလိုက်တဲ့ နောက်မှာ တရုတ်နဲ့ စေ့စပ်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာခဲ့တာပါ။
လွန်ခဲ့တဲ့ လမှာလည်း ကူမင်တန်ပါတီရဲ့ ဒုတိယဥက္ကဌ အန်ဒရူးရှာဟာ ဘေဂျင်းသို့သွားရောက်ခဲ့ ပြီး ကွန်မြူနစ် ပါတီအကြီးတန်းခေါင်းဆောင် ဝန်ဟန်အင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ထိုင်ဝမ်ရဲ့ လက်ရှိ အာဏာရပါတီ Democratic Progressive Party အနေနဲ့ အဲဒီခရီးစဉ်ဟာ ဘေဂျင်းနဲ့ နီးကပ်နေတဲ့ ကူမင်တန်ပါတီကို ဝေဖန်ဖို့ ဖြစ်လာပြီး ထိုင်ဝမ်ကို ရောင်းစားချင်နေသလို အဲဒီ ဒုတိယဥက္ကဌ ဟာလည်း ကွန်မြူနစ်တွေ အသာရရေးကိုသာ အာရုံထားနေတယ်လို့ ပြောကြားခဲ့တာပါ။
အတိုက်အခံ ကူမင်တန်ပါတီက အထူးသဖြင့် လက်ရှိ အခြေအနေတွေအရ တရုတ်နဲ့ ပွင့်လင်းတဲ့ ဆက်သွယ် ရေး လမ်းကြောင်းတွေကို ထိန်းသိမ်းထားသင့်တယ်လို့ ပြောကြားထားပါတယ်။
Ref; Reuters