မော်လမြိုင်၊ မတ်(၁၉)
စစ်ရာဇဝတ်မှု ကျုးလွန်ခဲ့တဲ့ စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံး(ICC) ကနေ ရုရှားသမ္မ တ ဗလာဒီမီယာပူတင်ကို ဖမ်းဝရမ်းထုတ်မှုဟာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်အတွက် သတိ ပေးခေါင်းလောင်းသံဖြစ်ပြီး နောက်ပိုင်းမှာ ဖမ်းဝရမ်းထုတ်ခံရနိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။
ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ်ဆင်နွှဲမှုမှာ စစ်ရာဇဝတ်မှုကျူးလွန်တာ၊ ယူကရိန်းနိုင်ငံသား ကလေး ငယ်တွေကို ဥပဒေမဲ့ ပြည်နှင်ဒဏ်ပေးမှုတွေအတွက် ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ရုရှားကော်မရှင်နာ အကြီးအကဲ မာရီယာလဗိုဗာဘယ်လိုဗာတို့ကို နိုင်ငံတကာ ရာဇဝတ်တရားရုံး(ICC) ကနေ မတ် ၁၇ ရက်နေ့မှာ ဖမ်းဝရမ်းထုတ်လိုက်တာ ဖြစ်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို ဖမ်းဝရမ်းထုတ်မှုအပေါ် မြန်မာပြည်သူတွေကြားမှာလည်း စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ရာဇဝတ်မှုတွေ ကျုးလွန်ရာမှာ အဓိကတာဝန်ရှိတဲ့ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အပေါင်းအပါတို့ကို ဖမ်းဝရမ်းမထုတ်ဘူးလားလို့ မေးခွန်း ထုတ်တာတွေ ရှိနေတာပါ။နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေအ တွက် စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်လာနိုင်ပေမယ့် လတ်တလော အခြေအနေမှာတော့ ဖြစ် လာဖို့ မရှိသေးဘူးလို့ သုံးသပ်တာပါ။“စစ်ခေါင်ဆောင်ကို အဲဒီလိုမျိုး လုပ်နိုင်ဖို့အတွက် ကြိုးစားတာတော့ တော်တော်ကြာပြီ။အခုမှတော့ မဟုတ် ဘူးပေါ့နော်၊ ဟိုးအရင် ရိုဟင်ဂျာတွေနဲ့ ဖြစ်ကတည်းကနေ အဲဒီလိုမျိုး အရေးယူနိုင်ဖို့ ဆိုတဲ့ဟာတွေ ပြောကြဆိုကြတယ်။
နောက် အာဏာသိမ်းပြီးပြီးခြင်း မှာလည်း ဖမ်းဝရမ်းထုတ်ဖို့ဘာဖို့ဆိုတဲ့ဟာတွေ ပြောကြတယ်။ မဖြစ်လာစရာ အကြောင်းအရင်းတွေက အများကြီးရှိတယ်။ဆိုတော့ အခုလက်ရှိကတော့ ကျွန်တော်တို့ မြင်တဲ့ ဖမ်းဝရမ်း ထုတ်ခံရသူတော့ထွက်လာတယ်။
မြန်မာနိုင်ငံကို အဲဒီလိုဖြစ်လာနိုင်လားဆို တော့ ဖြစ်တော့ဖြစ်နိုင် တယ်။ ဒါပေမယ့် အဲဒီလောက် မြန်မြန်ဆန်ဆန် ဖြစ်မယ် မဖြစ်ဘူးကတော့ ပြောရခက်လိမ့်မယ်။ ဘာဖြစ်လို့ ဆို မြန်မာ့အရေးကို နိုင်ငံတကာက စိတ်ဝင်စားတဲ့ပုံစံနဲ့ ယူကရိန်အရေးကို နိုင်ငံတကာက မတူနေဘူး။ သူတို့ ထုတ်မယ်ဆိုရင်တော့ ထုတ်လို့ရတာပေါ့။ ထုတ်လိုက်တဲ့အတွက်ကြောင့်မို့လို့ ချက်ချင်ကြီးတော့ ပြဿနာက ပြေလည်မှာ မဟုတ်ဘူး။
ပြဿနာပြေလည်ဖို့ အတွက်က ကျွန်တော်တို့ ပြည်တွင်းက နိုင်ငံရေးအစုအဖွဲ့တွေ အချင်းချင်းကြားထဲမှာ ဘယ်လိုအဖြေမျိုးကို ရှာကြမလဲ။ ဘယ်လိုမျိုး ပြေလည်အောင် ကြိုးစားဆောင်ရွက် ရမလဲ။ ပြီးတော့ အချင်းချင်းကြားမှာ ယုံကြည်မှု၊ နားလည်မှု၊ ကြိုးစားမှုတွေ ဘယ်လိုမျိုး တည် ဆောက်ကြမ လဲဆိုတဲ့ဟာကတော့ မြန်မာနိုင်ငံရဲ့ အဓိက အဖြေဖြစ်လိမ့်မယ်၊ သူစစ်ခေါင်းဆောင်တစ်ယောက် မဖမ်းခံရလည်း အခုချိန်သူဘာသူ ရုတ်တရက်သေသွားတယ်ဆိုရင် တောင်မှ မြန်မာနိုင်ငံက ပြေလည်အုံးမှာ မဟုတ်ဘူး၊ ပြေလည်ဖို့အဖြေက ကျွန်တော်တို့ ပြည်တွင်းမှာ ရှာရမယ့်ကိစ္စ”လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင်ကို စစ်ရာဇဝတ်မှုတွေအတွက် ဖမ်းဝရမ်း ထုတ်နိုင်တဲ့ အနေအထားတွေ ရှိပေမယ့် ထိရောက်တဲ့ တိုင်ကြားမှုမျိုး လိုအပ်သလို ဖမ်းဝရမ်းထုတ်လိုက်ပါက စစ်အုပ်စုအနေနဲ့ တခြားနိုင်ငံတွေနဲ့ ဆက်ဆံရာမှာ ပိုမို ခက်ခဲလာနိုင်တယ်လို့ သူက ဆိုပါတယ်။ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကလည်း ရုရှားသမ္မတ ပူတင်ကို နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICC)ကနေ ဖမ်းဝရမ်း ထုတ်လိုက်တာဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ခေါင်ဆောင်တွေအတွက် အချက်ပေးခေါင်းလောင်းသံ ဖြစ်တယ်လို့ ပြောပါတယ်။
“ဒါက အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ရှိတာပေါ့နော်။ ဒါက ရုရှားနိုင်ငံက ယူကရိန်းကို ကျူး ကျော် စစ်ဆင်နွဲတယ်၊ ပြီးတော့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်တယ်၊ လူသား အရင်းအမြစ်ကို ထိခိုက်တဲ့ ဥပဒေတွေကို ကျူးလွန်တယ်ဆိုရင်တော့ ဒီကိစ္စနဲ့ အဲဒီလို (ICC)က ဖမ်းဝရမ်း ထုတ်နိုင်အောင်ထိ အနေ အထားကို ရောက်သွားတာဟာ တခြားနိုင်ငံတွေ၊ တခြား စစ်ရာဇဝတ်မှုကို ကျူး လွန်နေတဲ့ နိုင်ငံတွေက ပုဂ္ဂိုလ်တွေကိုလည်း နမူနာသူတို့ရဲ့ခေါင်းလောင်းသံပေါ့နော်။ ဒါကြောင့် ဒီကိစ္စကတော့ ထိရောက်တယ်လို့ မြင်တယ်။ ဘာလဲဆိုတော့ (ICC) ဟာ တကယ့်စစ်ရာဇဝတ်ကောင်တွေကို အရေးယူနိုင်တဲ့ တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်တယ်ပေါ့။ ဒီ (ICC)က အရေးယူလာပြီဆိုရင်တော့ ဖမ်းဝရမ်းထုတ်တော့မယ်ဆိုရင် သူတို့ အနေနဲ့ နိုင်ငံတကာရဲ့ ရာဇဝတ်ကောင် ဖြစ်သွားပြီ။ ဒီကိစ္စဟာ တခြားနိုင်ငံတွေက မင်းမဲ့စရိုက်ဆန်ဆန် အာဏာရှင်တွေ ပြည်သူတွေကို နှိပ်စက်နေတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတဲ့ နိုင်ငံခေါင်းဆောင်လို့ ခေါ်ပြီးတော့ ရာဇဝတ်ဂိုဏ်းဆန်ဆန်၊ အကြမ်းဖက် အဖွဲ့အစည်းဆန်ဆန်လုပ်နေတဲ့ ပုဂ္ဂိုလ်တွေအတွက်တော့ အထူး သတိပြုရမယ့် အချက်ဖြစ်တယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်တာတွေ၊ သတ် ဖြတ်ခံရသူတွေထဲမှာ ကလေးသူငယ် ပါဝင်တာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေအပြင် တ ခြားစစ်ရာဇဝတ်မှု တွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လက်နက်ကိုင် (EAOs)တွေကလည်း မှတ်တမ်းတင် ထားရှိထားပြီး သက်သေခိုင်မာမှု ရှိတာကြောင့် စစ်ခေါင်ဆောင်တွေအတွက် ထိတ်လန့်စရာ ဖြစ်တယ်လို့ ထောက်ပြတာပါ။
ဥပဒေအရေး လေ့လာသုံးသပ်သူတစ်ဦးကတော့ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံအပေါ် ကုလသမဂ္ဂရဲ့ ကိုင် တွယ် ဆောင်ရွက်မှုတွေဟာ ကွာဟချက်တွေရှိနေတာကြောင့် မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို ချက်ချင်းဖမ်းဝရမ်းထုတ်နိုင်တဲ့အထိ မဖြစ်လာနိုင်သေးဘူးလို့ သုံးသပ်ပါတယ်။“လတ်တလောမှာကျတော့ အခြေအနေ မရှိဘူး။
ဘာလို့မရှိလဲဆိုတော့ စွဲထားတာတွေက (ICC)မှာ စွဲထားတာ မဟုတ်ဘူး။ (ICJ)မှာ စွဲထားတာလေ၊ စွဲထားတဲ့ အခါကျတော့ သူက (ICJ)ကကျတော့ သူ က အပြစ်ရှိမရှိ ဘဲဆုံးဖြတ်တာ၊ ဆုံးဖြတ်ပြီးတော့ မှဘယ်သူကို လွှဲပေးလိုက်ရလည်းဆိုတော့ (ICC) ကို လွဲပေးလိုက်ရတာ၊ (ICC)ကျတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အောက်မှာ တိုက်ရိုက်ရှိ တာကို။ ကုလသမဂ္ဂကကျတော့ မြန်မာ နိုင်ငံမှာဖြစ်နေတဲ့ အနေအထားတွေနဲ့ ရုရှားနဲ့ ယူကရိန်းနဲ့ ဖြစ်တဲ့ အနေအထားက နိုင်ငံတ ကာ ဥပဒေ အမြင်က တော့ သိပ်ပြီးမတူဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာကျတော့ ဒီနိုင်ငံအတွင်းမှာရှိနေတဲ့ အာဏာသိမ်းအစိုးရနဲ့ သူ့ကို ဆန့်ကျင်တဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ တိုက်ကျတာ။ နိုင်ငံတကာ ဥပဒေအမြင်မှာကျ ဒါသည် ပြည်တွင်း ရေးကိစ္စလို့ မြင်တာ ပေါ့။ နိုင်ငံတကာ ကိစ္စလို့ မမြင်ဘူး။ ပြည်တွင်းရေး ကိစ္စ ဖြစ်တဲ့ အတွက် လုံလောက်တဲ့ အကြောင်းပြချက် မရှိဘဲနဲ့ ဝင်ပြီးတော့ မစွက်ဖက်ဘူး။ ကျွန်တော့်အမြင်တော့ လက်ရှိကုလသမဂ္ဂက ကိုင်တွယ် ဆောင် ရွက်နေပုံ၊အရေးယူနေပုံတွေ အနေအထားတွေကို ကြည့်တဲ့အခါမှာ ဖမ်းဝရမ်းထုတ်နိုင်လောက်တဲ့အထိ ဖြစ်မလာနိုင်ဘူးလို့ မြင်တယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူနိုင်ဖို့အတွက်ဆိုရင် သက်ဆိုင် ရာ အဖွဲ့အစည်းတွေက (ICC)လိုမျိုး ထိရောက်တဲ့ အဖွဲ့အစည်းတွေကို တိုက်ရိုက်ချဉ်းကပ်ဖို့ လိုအပ်ပြီး တိုက်ရိုက်ချဉ်းကပ်နိုင်မှသာ ရလဒ်ကောင်းတွေ ထွက်ပေါ်လာမှာ ဖြစ်တယ်လို့ ထောက်ပြတာပါ။နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC)ဟာ (ICC) အဖွဲ့ဝင် နိုင်ငံမဟုတ်တဲ့ နိုင်ငံတချို့က ခေါင်ဆောင်တွေကို လည်း ဖမ်းဝရမ်းထုတ်ခဲ့တဲ့ ဖြစ်စဉ်တွေ အများအပြားရှိခဲ့တာကြောင့် စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို အရေးယူ၊ မယူကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမယ်လို့ နိုင်ငံရေးအကဲခတ်တွေကို ဆိုကြပါတယ်။နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICC)ဟာ (ICC) အဖွဲ့ဝင် နိုင်ငံတွေအပြင် တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံတွေက စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အမှုဖွင့်တရားစွဲ ဆိုတာနဲ့ အမှုဖွင့် အရေးယူတဲ့ နိုင်ငံတကာတရားရုံး တစ်ခုလည်း ဖြစ်ပါတယ်။
မြန်မာအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာကလည်း အာဏာ သိမ်းစစ်တပ်အနေနဲ့ သူတို့ရဲ့အာဏာကို ဆက်လက်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူ့ကာ ကွယ်ရေးတပ် (PDF) တွေကို ခေါင်းဖြတ်သတ်ဖြတ်တာတွေ လုပ်ဆောင်နေတယ်လို့ မတ် (၁၆)ရက်နေ့က ကျင်းပတဲ့ ကုလညီလာခံမှာ ပြောကြားထားပါတယ်။ဒါ့အပြင် အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူလူထုအပေါ် ရက်ရက်စက်စက် အစုလိုက်အပြုံ လိုက် သတ်ဖြတ်တာတွေနဲ့ လေကြောင်းက ဗုံးကြဲတာ၊ ကျေးရွာတွေကို မီးရှို့တာတွေကိုလည်း ပြင်း ပြင်းထန်ထန် လုပ်ဆောင်နေတယ်လို့ ကုလညီလာခံမှာ တင်ပြတာတွေရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AFP