လောင်းလုံး၊ မတ်(၁၈)

တနင်္သာရီတိုင်းဒေသကြီး၊ လောင်လုံးမြို့နယ်၊ ရတိမ်ကျေးရွာမှာ လာရောက်တိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ မတ် ၁၆ ရက်နေ့ ညနေပိုင်းမှာ ရတိမ်ကျေးရွာထဲ ရောက်ရှိလာပြီးနောက် ဥယျာဉ်ခြံတွေထဲ တိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့တာပါ။

စစ်ကောင်စီတပ်က လူသားဒိုင်အဖြစ် ဖမ်းဆီးသွားတဲ့ စစ်ရှောင်ပြည်သူတွေဟာ အောက်ကျောက်ဝပ် ကျေးရွာကနေ ရတိမ်ကျေးရွာထဲ လာရောက်တိမ်းရှောင်နေသူတွေဖြစ်ပြီး ဖမ်းဆီးသွားတဲ့အထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတဲ့ စစ်ရှောင်ပြည်သူတွေကို ကဒက်ငထိန်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ဖမ်းဆီးထားပြီး စစ်ရှောင်ပြည်သူ့တချို့ကို လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

အောက်ကျောက်ဝပ်ကျေးရွာ ရွာသား ၅ ဦးကို ပြီးခဲ့တဲ့ မတ် ၄ ရက်နေ့မှာ စစ်ကောင်စီတပ်က ကျေး ရွာဘောလုံးကွင်းအတွင်း ဖမ်းဆီးသတ်ဖြတ်သွားတဲ့အတွက် ဒေသခံ ၂၀၀ ကျော်ဟာ ဘေးလွတ်ရာကို နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီးမှာတော့ စစ်ကောင်စီတပ်ဟာ ကျေးရွာတွေအတွင်း စစ်ကြောင်းထိုးစဉ် ဒေသခံတွေကို ပေါ်တာဆွဲတာ၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးတာနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကို ဆက် တိုက်ကျူးလွန်နေတာပါ။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Southern Monitor အဆိုအရ စစ်တပ် အာဏာသိမ်းတဲ့ကာလအ တွင်း တနင်္သာရီတိုင်းထဲမှာ အရပ်သား ၄၀၀ နီးပါး သတ်ဖြတ်ခံထားရတယ်လို့ မတ် ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.