ဘန်ကောက် – မတ်(၁၉)
ထိုင်းအာဏာပိုင်တွေက နိုင်ငံအတွင်း (Muslim Friendly Tourism) ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့ ကြိုးပမ်းနေပြီး ဖူးခက်ခရိုင်မှာ ပြုလုပ်ခဲ့တဲ့ အစ္စလာမ့်ခရီးသွားလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲမှာ ခရီးသွားလုပ်ငန်း (DoT) နဲ့ ပုဂ္ဂလိက ကဏ္ဍတွေကနေ မွတ်စလင်ဧည့်သည်တွေကို ဆွဲဆောင်ဖို့ မဟာဗျူဟာချမှတ်နေတယ် လို့ ထိုင်းနိုင်ငံသတင်းဗျူရို(NNT) က သတင်းထုတ်ပြန်ပါ တယ်။
နိုင်ငံထဲဝင်ရောက်လာမယ့် ကမ္ဘာ့လှည့်ခရီးသွားတွေထဲမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ စည်းမျဉ်း တွေကို လိုက်နာတဲ့ (Muslim Friendly Tourism) ခရီးသွားကဏ္ဍမြှင့်တင်ဖို့အပြင် လူမျိုးပေါင်းစုံ ဝင်ရောက်လာဖို့ ထိုင်းအာဏာပိုင်တွေက ကြိုးပမ်းနေတာပါ။
ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းဟာ မွတ်စလင် ခရီးသည်တွေရဲ့ ငွေကြေးသုံးစွဲမှုမြင့်မားလာ တာနဲ့အတူ တိုးတက်နေတဲ့ စျေးကွက်တစ်ခုအနေနဲ့ အသိအမှတ်ပြုထားတဲ့အတွက် အခုလို ဆွဲဆောင်ဖို့ လုပ်ဆောင်လာတာဖြစ်တယ်လို့ DoT ရဲ့ ခရီးသွား ဆွဲဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဌာနခွဲ ဒါရိုက်တာက ပြောပါတယ်။
မွတ်စလင်ခရီးသည်တွေဟာ ဘန်ကောက်၊ချင်းမိုင်နဲ့ ခါရာဘီလို မွတ်စလင်နဲ့ ရင်းနှီးတဲ့ နေရာ တွေကို နှစ်သက်တယ်လို့ ဒါရိုက်တာက ဆိုထားပြီး ဟာလာအစားအသောက်တွေ တည်ခင်း ဧည့်ခံတာ၊ဆုတောင်းခန်းတွေလို အဆောက်အဦးတွေ ဝန်ဆောင်မှုပေးတဲ့ ဟိုတယ်တွေနဲ့ စား သောက်ဆိုင်တွေကို ရှာဖွေနေကြတာရှိတယ်လို့ သိရပါတယ်။
ပုဂ္ဂလိက ကဏ္ဍမှာတော့ မွတ်စလင်ရိုးရာပြက္ခဒိန်နဲ့ ပတ်သက်တဲ့ ခရီးသွားလုပ်ငန်းတွေကို မြှင့်တင်ဖို့ အကြံပြုထားကြသလို မွတ်စလင်တွေအတွက် တစ်နှစ်တာရဲ့ အမြင့်မြတ်ဆုံး လတွေမှာတစ်ခုဖြစ်တဲ့ ရမ်ဇာန်ပြီးနောက် ဆွဲဆောင်မှုရှိတဲ့ ခရီးသွားကမ်းပိမ်းတွေကို စတင် ဖို့ရည်ရွယ်ထားကြတာပါ။
မွတ်စလင်ခရီးသည်တွေကြား ထိုင်းနိုင်ငံဟာ စတုတ္ထမြောက် အနှစ်သက်ဆုံးဖြစ်ကြပြီး ၂၀၂၂ ခုနှစ်မှာ အရှေ့အလယ်ပိုင်းက ခရီးသည်(၄) သိန်းကျော်လာရောက်ထားတယ်လို့ NNT မှာ ဖော်ပြထားပါတယ်။
DoTအနေနဲ့ သက်တောင့်သက်သာနဲ့ ခိုင်မာတဲ့ အစီအစဉ်တွေကို ဖော်ဆောင်ဖို့ ကတိပြုထားပြီး ခရီးသွားလုပ်ငန်းဆိုင်ရာ မဟာဗျုဟာအပြင် မွတ်စလင်ခရီးသည်တွေရဲ့ ယဉ်ကျေးမှု၊ အပြုအမှု နဲ့ လိုအပ်ချက်တွေကို နားလည်နိုင်စေဖို့ ဧည့်ဝတ်ကျေပွန်ရေးနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေလုပ် ဆောင်နေတဲ့ အာဏာပိုင်တွေနဲ့ ဝန်ထမ်းတွေဟာ ပြင်ဆင်မှုတွေစတင်နေတယ်လို့ သိရပါတယ်။
ဖူးခက်မှာ ဆွေးနွေးမှုဟာ ထိုင်ငံရဲ့ (၄) ကြိမ်မြောက် ဆွေးနွေးပွဲဖြစ်ခဲ့ပြီး အရင်က ဘန်ကောက်၊ ချင်းမိုင်နဲ့ ချောင်ဘူရီတို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက ထိုင်နိုင်ငံကို နိုင်ငံတကာခရီးသည် (၂.၁၄) သန်းဝင်ရောက်ခဲ့ပြီး အဲ့ဒီ အရေအတွက်ထဲက အများဆုံးဝင်ရောက်လာသူတွေဟာ မလေးရှားနိုင်ငံသား မွတ်စလင် ကိုးကွယ်သူတွေဖြစ်တယ်လို့ သိရပါတယ်။
ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ ထိုင်းနိုင်ငံနဲ့ လက်တွဲလုပ်ဆောင်နေတဲ့ မွတ်စလင်နိုင်ငံ ဖြစ်တဲ့ဆော်ဒီ နိုင်ငံသားတွေကိုတော့ ပြီးခဲ့တဲ့ နှစ် ဇွန်လက ရက်(၃၀) ဗီဇာကင်းလွတ်ခွင့် ပြုထားပါတယ်။
အချက်အလက်တွေအရ ထိုင်းနိုင်ငံသား (၅) ရာခိုင်နှုန်းဟာ မွတ်စလင်ဘာသာကိုးကွယ်ကြသူ တွေဖြစ်ပြီး ထိုင်းမွတ်စလင်အမျိားစုတော့ နိုင်ငံတောင်ပိုင်းဒေသတွေမှာ နေထိုင်ကြတယ်လို့ ဖော်ပြထားပါတယ်။
Ref: The Thaiger