မော်လမြိုင်၊ မတ်(၁၈)
ထိုင်းနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို လူမှောင်ခို ပွဲစားတွေက တောတွင်းနေရာတွေမှာ စွန့်ပစ်တာတွေ ရှိလာတယ်လို့ ရွှေ့ပြောင်းအလုပ် သမားအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါး လာတာ၊ နိုင်ငံရေး၊ စစ်ရေးအခြေအနေ မငြိမ်မသက်မှုတွေကြောင့် အလုပ်အကိုင်အခွင့်အ လမ်းရရှိဖို့အတွက် ထိုင်းနိုင်ငံထဲကို လူမှောင်ခိုပွဲစားတွေနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာတာ ဖြစ်ပါတယ်။
တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ခရီးသွားလာရင်း မသင်္ကာလို့ ထိုင်းအာ ဏာပိုင်တွေက တားမြစ်စစ်ဆေးရင်း ဖမ်းဆီးခံရတာမျိုးတွေရှိသလို မြန်မာရွှေ့ပြောင်းလုပ်သားတွေတချို့ကို လူမှောင်ခိုပွဲစားတွေက တောတွင်းနေရာတွေမှာ စွန့်ပစ်ထားတာမျိုးလည်း ကြားသိနေရတယ်လို့ ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ယက် MWRN ဥက္ကဋ္ဌ ဦးအောင်ကျော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ခရီးသွားလာရင်း မသင်္ကာလို့ တားမြစ်စစ်ဆေးမေးမြန်းရင်း တရားမဝင်လုပ်သားတွေ ခေါ်ဆောင်လာလို့ ဖမ်းဆီး အရေးယူခံရတာတွေရှိသလို၊ တချို့ပွဲစားတွေကျတော့လည်း တောတွင်းတစ်နေရာတွေမှာ သူတို့မူ လကတိပြု ထားတဲ့နေရာတွေအထိပို့ဖို့အတွက် အန္တရာယ်တွေရှိလို့ဆိုပြီးတော့မှ လုပ်သားတွေကို ဒီနေရာ မှာခေတ္တစောင့် ဆိုင်းနေပါဆိုပြီးတော့မှ စွန့်ပစ်ထားခဲ့တာမျိုးတွေရှိတယ်။ ဒါကိုထိုင်းနိုင်ငံသားတွေက သတင်းရ ပြီးတော့မှ သက်ဆိုင်ရာအာဏာပိုင်တွေကို အကြောင်းကြားလို့ မိသွားတာရှိတယ်။ ဒါကြောင့်ပွဲစားတွေဖမ်းမမိ ဘဲ မြန်မာလုပ်သားတွေချည်းဖမ်းမိတယ်ဆိုတာမျိုးတွေလည်း ကြားနေရပါတယ်” လို့ဆိုပါတယ်။
တဖက်မှာတော့ မြန်မာနိုင်ငံကနေတစ်ဆင့် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့တဲ့ မြန်မာရွှေ့ ပြောင်းလုပ်သားတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိတာတွေ နေ့စဉ်နဲ့အမျှ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေ အဆိုအရ စစ်တပ် အာဏာသိမ်းတဲ့ကာလအတွင်း ထိုင်းနိုင်ငံထဲကို တစ်လလျှင် တရားဝင် MOU လုပ်သားတွေအပြင် တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၄၀၀၀ ကျော် ဝင်ရောက်နေတယ်လို့ ဆိုပါတယ်။
“ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း မရှိဘူးလေ။ဒါကြောင့်အလုပ်ရရှိနိုင်ရေး၊ တခြားအ ကြောင်းတွေလည်း ရှိတာပေါ့ဗျာ။ တိုင်းပြည်ရဲ့မငြိမ်သက်မှုတွေအရ မှောင်ခိုကုန်ကူူးနေတဲ့ ပွဲစားတွေနဲ့ နယ် စပ်ဖြတ်ကျော်ပြီးဝင်လာနေတာ တွေကတော့ အခုထိရှိဆဲပါပဲ။ တချို့ကျတော့လည်း ထိုင်းနိုင်ငံမှာလာ အလုပ် လုပ်ဖို့ဆိုပြီး ခိုးဝင်လာတာတွေရှိသလို၊ တချို့ကျတော့လည်း ထိုင်းကနေတဆင့်မလေးရှားနိုင်ငံဘက်ကို ကူးဖို့ လုပ်တဲ့နေရာတွေမှာလည်း ဖမ်းဆီးအရေးယူမှု ခံရတာတွေလည်း ကြားသိနေရပါတယ်ခင်ဗျ။ ကိန်းဂဏန်းက တော့ အတိအကျသိဖို့ မလွယ်ပါဘူး။ ဟိုးအရင်ကတည်းက အဖွဲ့အစည်းပေါင်းစုံအားလုံးခြုံငုံ သုံးသပ်ထား တာကတော့ လစဉ်လေး ထောင်လောက်တော့ ဝင်နေကြတယ်” လို့ သုံးသပ်ထားတာတော့ ရှိပါတယ်ခင်ဗျ။
မြန်မာပြည်တွင်းကနေ ထိုင်းနိုင်ငံထဲကိုဝင်ရောက်လာဖို့အတွက် မြန်မာလုပ်သားတွေအနေနဲ့ ကုန်ကျစရိတ်များ ပြားမှုနဲ့ မလုံခြုံမှုအခြေအနေတွေကြောင့် နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်လာတာမျိုးတွေကို မလုပ်စေချင်ဘဲ တရားဝင်နည်းလမ်းကနေသာ ဝင်ရောက်လာဖို့ MWRN က တိုက်တွန်းထားပါတယ်။
တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံထဲမှာ အလုပ်အကိုင် အခွင့်အလမ်းရဖို့ ခက်ခဲတာ၊ ပုန်းခိုနေထိုင်နေရတာ၊ ဖမ်းဆီးခံရတာတွေလည်း အမြဲလို ရှိနေတာ ဖြစ်ပါတယ်။
ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ထုတ်ပြန်ချက်အရ မြန်မာ နိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် စီးပွားရေး အထွေထွေ အကျပ်အတည်းတွေနဲ့အတူ လက် နက်ကိုင် ပဋိ ပက္ခတွေကြောင့် တစ်လလျှင် ပြည်ပထွက်ခွာသူ ၄၀,၀၀၀ ဝန်းကျင်အထိ ရှိလာတယ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
IOM အဆိုအရ နိုင်ငံအတွင်း လုံခြုံမှုမရှိတော့တာ၊ စီးပွားရေးကျဆင်းနေတာနဲ့ အသက်မွေးဝမ်း ကျောင်း အလုပ်အကိုင်တွေ ပျောက်ဆုံးသွားတာစတဲ့ အကြောင်းအရင်း အမျိုးမျိုးကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး လစဉ်ပြည်ပထွက်ခွာသူ ၄၀,၀၀၀ ဝန်းကျင်းရှိနေကာ အများစုဟာ ထိုင်းနိုင်ငံကို သွားရောက်နေကြတယ်လို့ ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NBT