တောင်ကြီး ၊ မတ် ၁၈
တိုင်းရင်းသားအင်အားကြီး နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဟာ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။
ပါတီဆက်လက် မှတ်ပုံတင်ရေး၊ မတင်ရေး ကိစ္စရပ်နဲ့ပတ်သက်ပြီး မတ် ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့တို့က ကျင်းပခဲ့တဲ့ ပါတီဗဟိုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ။
CEC အားလုံးရဲ့ သဘောထားအရ SNLD အနေနဲ့ ပါတီမှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပါတီ အထွေထွေအ တွင်းရေးမှူးစိုင်းလိတ်က ဒေသအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနကို ဒီနေ့ မတ် ၁၈ ရက်နေ့ ညဦးပိုင်းမှာ ဖြေကြားခဲ့တာပါ။
SNLD ပါတီမှတ်ပုံမတင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပါတီပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်ကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းနေပေမယ့် ဖုန်းလိုင်းအခက်အခဲကြောင့် အဆက်အသွယ်မရသေးပါဘူး။
SNLD ပါတီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၄၂ နေရာအထိ အနိုင်ရရှိခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ တတိယအများဆုံး အနိုင်ရရှိခဲ့တဲ့ အင်အားကြီးတိုင်းရင်းသားနိုင်ငံရေးပါတီ တစ်ခုလည်း ဖြစ်ပါတယ်။
စစ်ကောင်စီ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီ ၃၀ နီးပါးရှိလာပြီး အဲဒီထဲမှာ တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၂ ခု ပါဝင်နေပါတယ်။
ပါတီမှတ်ပုံတင်ခွင့်ကိုတော့ မတ် ၂၈ ရက်နေ့ နောက်ဆုံးထားလျှောက်ကြဖို့ စစ်ကောင်စီက သတ်မှတ်ထားပြီး မှတ်ပုံမတင်တဲ့ ပါတီတွေကတော့နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက်ပျက်ပြယ်မယ်လို့ ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်