လောင်းလုံး – မတ်(၁၈)
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကဒက်ကြီးကျေးရွာကို စစ်ကောင်စီတပ်ဝင်ရောက်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ရှာဖွေနေကာ ပြည်သူပိုင်နေအိမ်တွေကိုလည်း မွှေနှောက် ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ(၁၇) ရက်နေ့က စစ်ကောင်စီရဲ့ အင်အား(၅၀) ကျော်ပါတဲ့ စစ်ကြောင်းက ပြည်သူ ပိုင် လူမရှိတဲ့နေအိမ်တွေကို မွှေနှောက်ရှာဖွေတာတွေ လုပ်ဆောင်ခဲ့တာပါ။
“မနေ့ကတည်းက ရတိမ်ကိုဖြတ်လာချိန် စစ်ဘေးရှောင်တွေကို ဖမ်းလာတဲ့အဖွဲ့က ကဒက်ကြီး ကိုရောက်လာတယ်။ ညပိုင်းမှာ လူမရှိတဲ့ အိမ်သုံးလေးလုံးကို ဝင်ရှာဖွေတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒီနေ့ မတ်လ(၁၈) ရက်နေ့ မနက်ပိုင်းမှာလည်း ရွာထဲက နေအိမ်တွေကို မွှေနေသလို ရွာနဲ့ ရွာပတ်ဝန်းကျင်မှာ နေ့လည်ပိုင်းအထိ စခန်းချထားပြီး PDF တွေကို ရှာဖွေနေကာ ပြည်သူတွေ ကတော့ စစ်ကောင်စီတပ်တွေ ရွာထဲရောက်နေတဲ့အတွက်ထွက်ပြေးနေကြသလို တချို့ကလည်း အခြေအနေစောင့်ကြည့်နေတယ်လို့ သူက ပြောပါသေးတယ်။
လက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်းက ရွာထဲက နေအိမ်(၅)လုံးထက်မနည်းကို ဝင်ရောက်ရှာ ဖွေမွှေနှောက်ဖျက်ဆီးတာ၊ ဆိုင်ကယ်၊လက်တော့ပ် အပါအဝင် တန်ဖိုးရှိ ပစ္စည်းတွေကို ယူဆောင်တာတွေလည်း လုပ်နေကြပါတယ်။
စစ်ကောင်စီ စစ်ကြောင်းကြောင့် ကဒက်ကြီး၊ ကဒက်ငယ်နဲ့ ရေဖြူ ကျေးရွာက ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ရတိမ်ကျေးရွာက ဖမ်းဆီး(ပေါ်တာဆွဲ) လာတဲ့ ပြည်သူ (၃၀) ကျော်ကိုလည်း ဒီနေ့ မနက်ပိုင်းအထိ ပြန်မလွှတ်ပေးဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်၊ ကျည်ဆံတွေအပါအဝင် စားနပ်ရိက္ခာတွေသယ်ခိုင်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ(၁၀) ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ ပညစ်ကျေးရွာကို ဝင်လာပြီး ပြည်သူပိုင်နေအိမ် (၅)လုံးထက်မနည်းကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ပြီး တဲ့အတွက် ဒေသခံ (၇၀၀) နီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ