မော်လမြိုင်၊ မတ်(၁၇)
သက်တမ်း နှစ်ပေါင်း ၂၅ နှစ်ကျော်ရှိပြီဖြစ်တဲ့ မွန်ပြည်နယ် မော်လမြိုင် အတ္တရံကြိုးတံတား ပင်မတံ တားတိုင် သံဂဟေသား ပြုတ်ထွက်မှုဖြစ်ပေါ်ခဲ့တဲ့အတွက် ၃ တန်အထက် မော်တော်ယာဉ်တွေကို သွားလာခွင့် ကန့်သတ်ထားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မော်လမြိုင်အတ္တရံကြိုးတံတားဟာ ပြီးခဲ့တဲ့ မတ် ၁၄ ရက်နေ့က မော်လမြိုင်ဘက်ခြမ်း ပင်မတံတားတိုင် သံဂ ဟေသား ၅ မီလီလောက် အသားပြုတ်ထွက်သွားတာကြောင့် ခံနိုင်ဝန်အားနည်းပါးလာတဲ့အတွက် ၃ တန်အ ထက် မော်တော်ယာဉ်တွေကို သွားလာခွင့်ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။
အခုဖြစ်စဉ်ကြောင့် တံတားပြန်လည် ပြင်ဆင်တာတွေ ဆောင်ရွက်နေတဲ့အတွက် ၃တန်အထက် ယာဉ်တွေကို သွားလာခွင့် ကန့်သတ်ထားသလို ယာဉ်အစီးအရေအလိုက် အကန့်အသတ်နဲ့သာ ဖြတ် သန်းသွားခွင့် ပေးအပ်ထားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“အရင်ထဲက သတ်မှတ်ထားတာ (၁၃)တန်ပဲ။ ကျန်တဲ့ကားတွေဖြတ်လို့ မရဘူး။ သူတို့အောက်ခြေခုံအက်သွား တယ်လို့ သတင်းရတာပဲ။ အကြီးစားပြင်ဆင်ဖို့အတွက် သူတို့ကားတွေ ဟိုဘက်၊ ဒီဘက် ဖြတ်တာကိုရော များ နေတာတွေ အဆင်မပြေတော့လို့ ဝိတ်လျော့လိုက်တာ။ ပြုပြင်ချိန်မို့လို့ လော လောဆယ်ကားတွေ တဖက် (၅) စီး၊ တဖက် (၁၀)စီး အဲဒီလိုပဲ ပေးသွားနေတယ်။ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတာပေါ့။ မသွားရဘူး မဟုတ်ဘူး၊ သွားရတယ်။ အနည်းဆုံး နာရီဝက်၊ တစ်နာရီလောက်တော့ စောင့်ရတယ်”လို့ ဆိုပါတယ်။
မော်လမြိုင် အတ္တရံတံတားဟာ မြဝတီ – မော်လမြိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ တည်ရှိနေတာဖြစ်ပြီး ကရင်ပြည်နယ်သို့ သွားရာမှာ အဓိကအသုံးပြုနေရတဲ့ တံတားတစ်စင်းလည်း ဖြစ်ပါတယ်။
တံတားပြင်ဆင်တဲ့ကာလအတွင်း ကုန်ပစ္စည်းတင်ဆောင်ရတဲ့ မော်တော်ယာဉ်တွေကို သွားလာခွင့် ကန့်သတ် ထားတာကြောင့် သယ်ယူပို့ဆောင်စရိတ်အတွက် ပိုမိုကုန်ကျလာတယ်လို့ စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“အဓိက က စက်မှုဇုန် ဧရိယာလည်းဖြစ်တယ်။ အကုန်လုံး ခရီးသွားလာရေးက အဆင်မပြေဖြစ်တာပေါ့။ ဆီ ဈေးတွေကလည်း ကြီးနေတာနဲ့ဆိုတော့ တော်တော်တော့ ဒုက္ခရောက်တာပေါ့။ စက်မှုဇုန်သမားတွေကျတော့ ပစ္စည်းတွေ သိပ်တင်လို့ မရတော့ဘူးပေါ့။ (၃)၊ (၄)ခေါက်နဲ့ သွားနေရတော့ အ ဆင်မပြေတော့ဘူးလေ။ ကုန် ကျစရိတ်က တော်တော်တော့ တက်သွားတာပေါ့။ (၃)တန်နဲ့ အောက်ဆိုတော့ ကျွန်တော်တို့ကန်တာ၊ ဒိုင်နာလောက်ပဲ အလေးဆုံးရတော့မှာပေါ့။ အရင်ကဆိုရင် (၆)ဘီး ပုံမှန်ဆိုရင် (၁၄)ပေလောက်ထိ ဖြတ်လို့ရတယ်။ အဲဒီလိုမျိုးကျတော့ ပစ္စည်းဘာညာ သယ်ရလွယ်တာပေါ့။ နောက်ပိုင်းကျတော့ သူတို့ပေးမဖြတ်တော့ တော်တော်လေး ဒုက္ခရောက်တာပေါ့။ ကျွန်တော်တို့ ပတ်မယ်ဆိုရင်တော့လည်း ဒီတံတားနဲ့ နီးနီးနားနားဖြစ်တဲ့ နေရာလေးကို တကွေ့ကြီးပတ်ရတယ်ဆိုတော့လေ တော်တော်ကြီးကိုတော့ ဒုက္ခရောက်ပါတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် တံတားပေါ်ဖြတ်သန်းတဲ့ နေရာမှာလည်း ၃ တန်နဲ့ အောက်သာခွင့်ပြုတယ်လို့ဆိုပေမယ့် ပစ္စည်း တင် ဆောင်တဲ့ နေရာမှာ ၃ တန် ဝန်းကျင်ထိ မတင်ဆောင်ရဲတော့သလို တံတားပေါ်မှာလည်း သတိကြီးစွာထားပြီး ဖြေးဖြေးနဲ့ မှန်မှန်သာမောင်းနှင်နေရတယ်လို့ ယာဉ်မောင်းတွေက ဆိုပါတယ်။
မော်လမြိုင် အတ္တရံတံတားမှာ ဖြတ်သန်းခွင့်မပြုတဲ့ ၃ တန်နဲ့ အထက် မော်တော်ယာဉ်တွေကိုတော့ ကျိုက်မ ရောမြို့ရှိ စံပယ်ဂူတံတားမှ ဖြတ်သန်းခိုင်းတာကြောင့် ခရီးအကွာအဝေး ရှည်ကြာသလို စက်သုံးဆီ ကုန်ကျစရိတ်တွေလည်း ပိုမိုကုန်ကျနေရတယ်လို့ သိရပါတယ်။
တဖက်မှာတော့ နိုင်ငံခြားချေးငွေနဲ့ တည်ဆောက်နေတဲ့ အတ္ထရံမြစ်ကူးတံတားအသစ် စီမံကိန်းကလည်း စစ်တပ်အာဏာသိမ်းပြီးနောက် ချေးငွေရပ်ဆိုင်းခံထားရတဲ့အတွက် တံတားတည်ဆောက်ရေး စီမံကိန်း ရပ်နားထားတာ ဖြစ်ပါတယ်။
မော်လမြိုင်အတ္တရံကြိုးတံတားကို ပြီးခဲ့တဲ့ ၁၉၉၆ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၉၉၈ ခုနှစ် မတ် ၂၇ ရက်နေ့မှာ တံတားဖွင့်လှစ်ခဲ့တာပါ။
သက်တမ်း ၂၅ နှစ်ကျော်ကြာရှိပြီဖြစ်တဲ့ သံမဏိသံဘောင် အတ္တရံကြိုးတံတားဟာ လက်ရှိမှာတော့ ကြံ့ခိုင်မှုအပိုင်း အားနည်းလာတဲ့ အခြေအနေအထိ ရောက်ရှိလာတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – IMNA