နေပြည်တော်၊ မတ်(၁၇)
စစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်တဲ့သူတွေရဲ့ ဆက်သွယ်ရေးအချက်အလက်တွေကို ကြားဖြတ်ဖမ်းယူတာ၊ ဖြတ်တောက်တာ၊ ကန့်သတ်ထိန်းချုပ်တာတွေ လုပ်ဆောင်ဖို့အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေး နည်းဥပဒေကို ပြဌာန်းလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဦးသိန်းစိန်အစိုးရ လက်ထက်က ရေးဆွဲပြဌားန်ခဲ့တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေရဲ့ နောက်ဆက်တွဲအရေးယူနိုင်မယ့် အသေးစိတ်နည်းဥပဒေကို မတ် ၁၀ ရက်နေ့မှာ စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
အခန်းပေါင်း ၂၀ ခန်း ၊ ပုဒ်မပေါင်း ၁၂၀ ကျော်ပါဝင်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးနည်းဥပဒေရဲ့ အခန်း ၁၄ မှာတော့ အကြမ်းဖက်မှုတွေကို တားဆီးကာကွယ်ဖို့နဲ့ အကြမ်းဖက်သမားတွေရဲ့ ဆက်သွယ်လှုပ်ရှားမှုတွေကို အချိန်နဲ့တပြေးညီ စုံစမ်းဖော်ထုတ်နိုင်ဖို့ အီလက်ထရောနစ် သတင်းအချက်အလက်ဖမ်းယူတာ၊ ဖြတ်တောက်တာ၊ ကန့်သတ်တာနဲ့ တည်နေရာအတည်ပြုတာတွေ လုပ်ဆောင်ဖို့ ထည့်သွင်းထားပါတယ်။
အဲဒီနည်းဥပဒေအရ အကြမ်းဖက်မှု တားဆီးနှိမ်နင်းရေး လုပ်ငန်းကော်မတီက သက်ဆိုင်ရာ ဆက်သွယ်ရေး လုပ်ငန်း လိုင်စင်ရရှိသူထံ အီလက်ထရောနစ် ဆက်သွယ်မှုတွေကို ဖြတ်တောက်တာ၊ ကန့်သတ်တာ၊ ကြားဖြတ်ဖမ်းယူတာပြုလုပ်ဖို့ ခွင့်ပြုမိန့် ထုတ်ပေးရမှာ ဖြစ်ပါတယ်။
ခွင့်ပြုမိန့်ရရှိရင်တော့ အီလက်ထရောနစ်ဆက်သွယ်မှုတွေကို ထိန်းချုပ်တာတွေလုပ်ဖို့ သက်ဆိုင်ရာ ဆက် သွယ်ရေးလုပ်ငန်းလိုင်စင်ရရှိသူက ငြင်းပယ်ခြင်းမပြုရဘူးလို့ နည်းဥပဒေမှာ ဖော်ပြထားပြီး ခွင့်ပြုမိန့်ကိုတော့ တစ်ကြိမ်မှာ ရက်ပေါင်း ၆၀ ထက် မပိုစေရဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ပြဌာန်းချက်တွေဟာ အာဏာသိမ်းပြီးကတည်းက လုပ်ဆောင်နေတာဖြစ်ပြီး အခုလို နည်းဥပဒေ ထုတ်ပြန်တာဟာ ပြည်တွင်းပြည်ပ ကြားကောင်းအောင်လုပ်နေတဲ့ သဘောသာဖြစ်တယ်လို့ ဝါရင့် တရားလွှတ်တော် ရှေ့နေဦးကြီးမြင့်က ဝေဖန်ပါတယ်။
“သူတို့က ဥပဒေကအခုမှပြဌာန်းတာ။ လုပ်နေတာတော့ ကြာလှပြီ။ အာဏာသိမ်းပြီးကတည်းက လုပ်နေတာ။ ဒီနိုင်ငံမှာ ဥပဒေမရှိဘူး၊ ဥပဒေက ဟန်ပြပေါ့။ ဟန်ဆောင်လုပ်နေတာ။ အားလုံးက သတိထားနေကြတာပဲ။ အဖမ်းခံရပြီဆိုရင် သူတို့ကစစ်ကြောရေးမှာ သတ်ပစ်တာပဲလေ။ အဲဒီတော့ လူတွေက နွေဦးတော်လှန်ရေးကို တိုင်းပြည်အတွက် စွန့်ပြီးတော့လုပ်နေကြရတာပဲလေ။ ဒီဥပဒေတွေကလည်း တရားရုံးရောက်သွားရင်လည်း ထွက်ဆိုချင်တဲ့သူတွေက ထွက်ဆိုချင်သလိုထွက်ဆို၊ ရှေ့နေလည်း ငှားခွင့်မရှိဘူး၊ ရှိလည်း မေးခွင့်မရှိဘူး။ အဲဒီတော့ ဒီဟာတွေက ပြည်တွင်း၊ ပြည်ပကြားကောင်းအောင်လို့ လုပ်နေတာပဲ ရှိပါတယ်”လို့ သူက ဆိုပါတယ်။
စစ်ကောင်စီကတော့ ကြားဖြတ်ဖမ်းယူခွင့်ပြုတဲ့ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်တဲ့ သတင်းအချက်အလက်တွေကို အကြမ်းဖက်မှု ဒါမှမဟုတ် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနဲ့ ဆက်စပ်တဲ့ စုံစမ်းထောက်လှမ်းတဲ့ အမှုမှာဖြစ်စေ၊ စုံစမ်းစစ်ဆေးမှုမှာဖြစ်စေ အသုံးပြုနိုင်ပြီး စစ်ဆေးစီရင်မှုမှာ သက်သေခံအဖြစ် တင်ပြနိုင်တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်မှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းက မြေပြင်သပိတ်လှုပ်ရှားမှုမှာ ပါဝင် နေသူတစ်ဦးကတော့ ဖုန်းနဲ့ဆက်သွယ်မှုတွေကို အတတ်နိုင်ဆုံး လုံခြုံအောင်လုပ်နေရတယ်လို့ သံလွင်တိုင်းမ် ကို ပြောပါတယ်။
“ဘယ်လိုပဲ လုပ်လုပ်ပေါ့၊ အတတ်နိုင်ဆုံးက ကိုယ့်ကိုယ်ကို လုံခြုံအောင် ဖုန်းပြောတာတွေ လုံခြုံအောင်လုပ်တယ်။ ဒါပေမယ့်လည်း ကျွန်မတို့ သတိနဲ့နေ၊ သတိနဲ့သွား၊ သတိရှိလို့ရှိရင်တော့ ဘာမှမဖြစ်နိုင်ဘူးပေါ့။ အတတ်နိုင်ဆုံးတော့ လုံခြုံအောင် လုပ်တယ်။ ဖုန်းတွေ၊ ဘာတွေ ဆက်သွယ်တာတွေ လုံခြုံအောင် လုပ်တယ်။ အပြင်မှာ ရှိနေတဲ့သူတွေကိုလည်း အတတ်နိုင်ဆုံး ကိုယ့်ဘက်က ဆင်ဆင်ခြင်ခြင် ဆက်သွယ်ပေးတာပေါ့။ ကိုယ့်ဘက်က သတိနဲ့ အမြဲနေတာပေါ့” လို့ သူက ဆိုပါတယ်။
တစ်ဖက်မှာတော့ စစ်ကောင်စီက မှတ်ပုံတင်ထားတဲ့ ဖုန်းဆင်းကတ် သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက် တွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ National Database မှာရှိတဲ့ အချက်အလက် တွေနဲ့ တိုက်ဆိုင်စစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။
အချက်အလက်မမှန်တဲ့ နိုင်ငံသားစိစစ်ရေးကတ်တွေနဲ့ မှတ်ပုံတင်ထားတဲ့ ဖုန်းဆင်းကတ် သုံးစွဲသူတွေထံ ရက်ပေါင်း (၃၀) အတွင်း မှန်ကန်စွာ ပြန်လည်မှတ်ပုံတင်ဖို့ အသိပေးစာတို (SMS)တွေ ပေးပို့သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရက်ပေါင်း ၉၀ အတွင်း ကိုယ်ရေးအချက်အလက်အမှန်နဲ့ လာရောက်ပြင်ဆင် မှတ်ပုံတင်ခြင်းမရှိတဲ့ ဖုန်းဆင်းကတ်တွေကိုတော့ အပြီးပိတ်သိမ်းသွားမယ်လို့ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက မတ် ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှု နည်းဥပဒေဟာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေထံ ပြည်သူတွေထောက်ပံ့နေမှုကို ဖြတ်တောက်ဖို့နဲ့ ပြည်သူတွေအပေါ် ဖိနှိပ်တာတွေဆောင်ရွက်ဖို့ ပြဌာန်းတာဖြစ်တယ်လို့ ဝေဖန်တာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI