နေပြည်တော်၊ မတ်(၁၇)
စစ်ကောင်စီကျင်းပဖို့ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲအတွက် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မတ် ၁၅ ရက်နေ့အထိ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ၂၆ ပါတီအထိ ရှိလာပြီလို့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။
ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်အတွက် စစ်ကောင်စီပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ နိုင်ငံရေးပါတီတချို့ အခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ် လျှောက်ထားလာတာဖြစ်ပြီး မှတ်ပုံတင်မယ့်ရက်ကလည်း ၁၀ ရက်ကျော်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုတဲ့ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ မွန်ညီညွတ်ရေးပါတီတို့ဟာ မတ် ၁၅ ရက်နေ့မှာ မှတ်ပုံတင်ခွင့် လျှေက်ထားခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာတာပါ။
အလားတူ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီတို့ ကလည်း မတ် ၁၄ ရက်နေ့မှာ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့တာပါ။
ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားမှုမှာ ပြည်ထောင်စုတဝန်းစည်းရုံးမယ့် ပါတီ ၆ ပါတီ၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်အဆင့်မှာသာ စည်းရုံးမယ့်ပါတီ ၂၀ ရှိနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်လျှောက်ထားမှုကို လာမယ့် မတ် ၂၈ ရက်နေ့ နောက်ဆုံးထား လျှောက်ထားကြဖို့နဲ့ မလျှောက်တဲ့ပါတီဟာ ဥပဒေအရ အလိုအလျောက်ပျက် ပြယ်မယ်လို့ မတ် ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကလည်း စစ်ကောင်စီထံ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီတွေကို ဘယ်လို အကြောင်းပြချက်တွေရှိစေ အရေးယူသွားမယ်လို့ မတ် ၁၅ ရက်နေ့မှာ ကြေညာထားပေမယ့် ဘယ်လိုပုံစံနဲ့ ဆောင်ရွက်မယ်ဆိုတာကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI