မော်လမြိုင်၊ မတ်(၁၆)

ကမ္ဘာ့ရွှေဈေးနှုန်း ပြန်လည်မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းမီးလင်းအခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၉ သိန်းနီပါးအထိ ဈေးနှုန်း မြင့်တက်လာပြီး ဈေးကွက်အတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ရွှေလုပ် ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ အမေရိကန်အခြေစိုက် ဘဏ်တွေဖြစ်တဲ့ Silicon Valley Bank(SVB)နဲ့ Signature Bank တို့ ပြိုလဲ ပြီးနောက် သူတို့ဘဏ်တွေမှာ အပ်နှံထားတဲ့ အပ်ငွေတွေကို ပြန်လည် မထုတ်ပေးနိုင်တော့တဲ့ ဂယက် တွေကြောင့် ဈေးနှုန်းလိုက်တက်လာတာ ဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ အမေရိကန်ဘဏ် ဂယက်မတိုင်မီ ရွှေတစ်အောင်စကို ဒေါ်လာ (၁၈၇၆) သာပေါက်ဈေးရှိ ရာကနေ မတ် ၁၄ ရက်နေ့မှာတော့ ဒေါ်လာ (၁၉၁၂) ဝန်းကျင်အထိ ဈေးနှုန်း မြင့်တက်လာခဲ့တာပါ။

ကမ္ဘာ့ရွှေဈေး ဂယက်ကြောင့် ပြည်တွင်း မီးလင်းအခေါက် ရွှေဈေးနှုန်းဟာ ကျပ် ၂၈ သိန်းခွဲကနေ ကျပ် ၂၉ သိန်းနီးပါးအထိ ဈေးနှုန်း မြင့်တက်လာသလို ဈေးနှုန်း မတည်မငြိမ်မှု ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ သိရပါ တယ်။

ရွှေလုပ်ငန်းရှင်တစ်ဦးကတော့ အမေရိကန်ဘဏ်တွေပြိုလဲပြီးနောက် ကမ္ဘာ့ရွှေဈေးကွက်မှာ ခိုင်မာမှုအတွက် ရွှေတွေ အဝယ်များလာတာကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းတွေ မြင့်တက်လာတာ ဖြစ်ပေမယ့် ပြည်တွင်းဈေး ကွက်မှာတော့ အရောင်းအဝယ် အေးနေတယ်လို့ ပြောပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းဟာ ပြီးခဲ့နှစ် ဩဂုတ်လအတွင်း ဒေါ်လာ ဈေးနှုန်း အဆမတန်မြင့်တက်ခဲ့တာကြောင့် မီးလင်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်(၃၅)သိန်း ဝန်းကျင်ထိ စံချိန်တင် မြင့်တက်ခဲ့ဖူးတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြည်တွင်းရွှေဈေးနှုန်းဟာ NLD အစိုးရ လက်ထက်က မီးလင်း အခေါက်ရွှေ တစ်ကျပ် သားကို ကျပ်(၁၃)သိန်း ဝန်းကျင်သာ ရှိရာမှ စစ်တပ် အာဏာသိမ်းပြီးနောက် ရွှေဈေးနှုန်း (၃)ဆ နီးပါးထိ မြင့်တက်လာသလို ဈေးနှုန်းမတည်ငြိမ်မှုတွေကလည်း မကြာခဏ ဆိုသလို ဖြစ်ပေါ်နေတာပါ။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ- CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.