မော်လမြိုင်၊ မတ်(၁၆)

အာဏာသိမ်း စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ရေး လေယာဉ်တွေ ပြုပြင်မွမ်းမံဖို့အတွက် ပါကစ္စတန်လေတပ်ရဲ့ နည်းပညာအဖွဲ့တစ်ဖွဲ့ကို ခေါ်ယူထားတယ်လို့ အိန္ဒိယသတင်းဌာန တစ်ခုဖြစ်တဲ့ The Economic Times က မတ် ၁၅ ရက်နေ့မှာ ဖော်ပြပါတယ်။

The Economic Times ရဲ့ အဆိုအရ စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ရေးလေယာဉ် JF-17 တွေ ပြုပြင်ထိန်းသိမ်းဖို့အတွက် ပါကစ္စတန်ပညာရှင်အဖွဲ့ကို ခေါ်ယူထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်ရေးလေယာဉ် JF-17 တွေကို စစ်ကောင်စီက ပါကစ္စတန်နိုင်ငံကနေ ဝယ်ယူထားတာ ဖြစ်ပြီး လက်ရှိမှာတော့ တိုက်ခိုက်ရေးစနစ်တချို့ ချို့ယွင်းနေတာကြောင့် ပြန်လည်ပြင်ဆင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

CDM လေတပ်အသိုင်းအဝိုင်းကတော့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေး လေယာဉ်တချို့ဟာ အခုနောက်ပိုင်း တိုက်ပွဲတွေမှာ မကြာခဏ ပစ်ခံရတာနဲ့ ပြုပြင်မှုတွေ လုပ်ဆောင်နေရတဲ့အတွက် အင်အား နည်းပါးလာတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တိုက်ခိုက်ရေး လေယာဉ်တွေ ပြင်ဆင်ပြီးပါက စစ်ကောင်စီအနေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်နိုင်တယ်လို့ CDM တပ်ကြပ်ကြီးဇေယျက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ လေယာဉ်တွေခေါ်ပြင်တယ်ဆိုကတည်းက လေကြောင်းတိုက်ခိုက်မှုအများကြီးလုပ်တော့မယ်ဆိုတဲ့ သဘောပေါ့။ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လုပ်လာနိုင်တာပေါ့ဗျာ။ ဥပမာ-MIA17တို့ MI 35တို့ဆိုရင် ပြုပြင် နေတာတွေရှိတယ်။ MI ဆိုရင် အခုထိထားတာ နှစ်စီးပေါ့။ ပြင်တဲ့ ထိတဲ့ဟာတွေများနေတယ်။ ပြီးတော့ စစ်ရေးပြမှာ သွားသုံးနေတဲ့အတွက် ဥပမာ-မုံရွာဘက်ကို အရင်က နှစ်စီးပို့ထားတယ်။ ကလေးဘက်ကို တစ်စီးပေါ့။ ကလေးက တစ်စီးကို ပြန်ရုတ်လာပြီး မုံရွာမှာပဲ တစ်စီးထားတယ်။ အဲဒါမျိုးတွေက သူတို့အတွက် အင်အားနည်းသွားတယ်။ အဲဒီအတွက် စစ်ကူတွေဘာတွေသွားမယ်ဆို ဒီနေပြည်တော်ကနေ တက်သွားရ တာခပ်ဝေးဝေးကနေ သွားရတာတွေရှိနေတယ်။ ဒီတော့ အကုန်လုံး ပြင်ဆင်ပြီးသွားရင်တော့ သူတို့အတွက် လေကြောင်းစွမ်းအား ပိုကောင်းလာမယ်။ ကျွန်တော်တို့ ဒီဘက်ကို ပိုပြီးတော့ တိုက်ခိုက်မှုလုပ်လာနိုင်တာပေါ့ ” လို့ CDM တပ်ကြပ်ကြီးဇေယျက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ မတ်လ (၂၇)ရက်နေ့ တပ်မတော်နေ့ အခမ်းအနားတွေကို နေပြည်တော်သာမှာမက တိုင်းနဲ့ပြည်နယ်တချို့မှာပါ လုပ်ဆောင်ဖို့ စီစဉ်နေတာကြောင့် အဲဒီရက်မတိုင်မီမှာ မြေပြင်ငြိမ်ဝပ်ပိပြားစေဖို့ စစ်မြေပြင်မဟုတ်တဲ့ နောက်တန်းနေရာတွေကို ဖိအားပေးဖို့အတွက် လေကြောင်းအင်အားကို ပိုမိုအသုံးပြု တိုက်ခိုက်လာဖွယ်ရှိတယ်လို့ CDM တပ်ကြပ်ကြီး ဇေယျက သုံးသပ်တာပါ။

The Economic Times ရဲ့ ဖော်ပြချက်အရ စစ်ကောင်စီဟာ ပါကစ္စတန်မှ လေယာဉ်ပြုပြင်ရေး နည်းပညာအ ဖွဲ့အပြင် လက်နက်ထုတ်လုပ်ဖိုနဲ့ စစ်တပ်အတွက် လိုအပ်တဲ့ အကူအညီတွေပေးဖို့ အခြားသော ပညာရှင်တွေ လည်း မြန်မာနိုင်ငံကို ရောက်ရှိနေတယ်လို့ ဆိုထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ ပါကစ္စတန်ရဲ့ နည်းပညာအကူအညီပေးမှုဟာ အရင်ကတည်းက ရှိပြီးသာဖြစ်ပေမယ့် အခုအစီအစဉ်ဟာ လာမယ့် ရွေးကောက်ပွဲနဲ့ အများကြီး သက်ဆိုင်နေရတယ်လို့ ပြောပါတယ်။

“ ပါကစ္စတန်က နည်းပညာအကူအညီပေးတယ်ဆိုတာ နဂိုကတည်းက စစ်ကောင်စီတပ်နဲ့ ပါကစ္စတန် ကစစ် ရေးပစ္စည်းဆိုင်ရာတွေ ဆက်နွှယ်မှုတွေရှိနေတာပါ။ အဲဒီဆက်ဆံရေးကို အခု ဒီဘက်အထိနွယ်လာတာလို့ ပြောလို့ရတယ်။ ဒီပွင့်လင်းရာသီရောက်မှ တိုက်ခိုက်မှု မြှင့်လာဖို့ မဟုတ်ဘူး။ ခြောက်လသက်တမ်းတိုးလိုက် ကတည်းက စစ်ရေးအရှိန်မြှင့်လာဖို့ရှိတယ်။ သာမန်အခြေနေမဟုတ်ဘူးလို့ ကြေညာချက်ပေါ်မူတည်ပြီးတော့ သာမန်အခြေအနေရောက်အောင် သူတို့ ထိန်းချုပ်လိုက်ဖို့လိုအပ်ပါဆိုတဲ့ သူတို့ဘာသာတာဝန်ယူထားတယ် ဆိုတဲ့ အခြေနေရောက်အာင် လုပ်မယ်ဆိုတာ မြင်သာပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ အဲဒီ ခေါင်းစဉ်အောက် ရောက်အောင် သူတို့ရှေ့သွားရမယ့်လမ်းစဉ်ဖြစ်တဲ့ သူတို့ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဒီ မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေကို အကြမ်းဖက်နှိမ်နင်းရေး ခေါင်းစဉ်အောက်ကနေ သူတို့ ထိန်းချုပ်သွား မယ် ဆိုတာကို မြင်နေရပါတယ်ခင်ဗျ” လို့ နိုင်ငံရေးသုတေသီ ဒေါက်တာစိုင်းကြည်ဇင်စိုး က ပြောပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် ပြည်သူ့ကာ ကွယ်ရေး တပ်တို့နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုအသုံးပြုလာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း စစ်ကောင်စီဟာ ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ် ကုန်းသာရွာ ၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါ၊ စစ်ကိုင်းတိုင်း လက်ယက်ကုန်းကျေးရွာ၊ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့က ပြည်သူတွေရှိတဲ့ ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် အရပ်သားပြည်သူတွေ အစုံအလိုက် အပြုံအလိုက် သေဆုံးတာတွေ ရှိခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်တပ် အာဏာသိမ်းထားတဲ့ ၂ နှစ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၆၅၀ ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- The Economic Time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.