ပေါင်၊ မတ်(၁၅)
မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ ဖလပ်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ မတ် ၁၄ ရက်နေ့ နေ့လည် ပိုင်းက စစ်ကောင်စီ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီနေ့ နေ့လည် ၁၂ နာရီအချိန်လောက်က ပေါင်မြို့ဘက်ကနေ ဖလပ်ကျေးရွာဘက်သို့ ဆိုင်ကယ်နဲ့ပြန်လာတဲ့ ပြည်သူစစ်အဖွဲ့ဝင် ဦးကျော်စိုးမိုး(ခ)စတီးရိုးကို အနောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာတဲ့ အမျိုးသား ၂ ဦးက အနီးကပ်သေနတ်နဲ့ ပစ်ခတ်သွားခဲ့တာပါ။
သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် ဦးကျော်စိုးမိုး(ခ)စတီးရိုးဟာ ဦးခေါင်းနဲ့ရင် ဘတ်တွေမှာ သေနတ်ဒဏ်ရာ ၃ ချက်ရရှိပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒေသခံတွေအဆိုအရ သေဆုံးသွားတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ဦးကျော်စိုးမိုးဟာ ဖလပ်ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ တပည့်ဖြစ်ပြီး အမှုပွဲစားတစ်ဦးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူ့စစ်အဖွဲ့ဝင် သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က လမ်းတချို့ကို ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ပြည်သူ့စစ်အဖွဲ့ဝင် ဦးကျော်စိုးမိုးကို ဘယ်အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့လဲဆိုတာ လက်ရှိအချိန်ထိ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကလည်း ပေါင်မြို့ဘက်ကနေ ဇင်းကျိုက်ဘက်ကို ဆိုင်ကယ်နဲ့ပြန်လာတဲ့ ဇင်းကျိုက်နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၂ ဦးဟာ ဖလပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ပစ်သတ်ခံရတာကြောင့် သေဆုံးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်