နေပြည်တော်၊ မတ်(၁၅)
မွန်ပြည်နယ်အခြေစိုက် မွန်တိုင်းရင်းသားနိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီဟာ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားဖို့ နေပြည်တော်ကို ရောက်ရှိနေတယ်လို့ နေပြည်တော်အသိုင်းအဝိုင်းကနေ သိရပါတယ်။
မွန်ညီညွတ်ရေးပါတီဟာ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီမှတ်ပုံတင်ဖို့အတွက် ပြီးခဲ့တဲ့ မတ် ၁၃ ရက်နေ့ကတည်း နေပြည်တော်သို့ ရောက်ရှိနေတာဖြစ်ပြီး မတ် ၁၅ ရက်နေ့မှာ ပါတီမှတ်ပုံတင်သွားဖို့ ရှိနေတာဖြစ်ပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ ကန့်သတ်ချက်တွေကြောင့် မွန်ညီညွတ်ရေးပါတီအနေနဲ့ ပြန်လည် မှတ်ပုံတင်ဖို့ ဗဟိုကော်မတီအစည်းအဝေးကို ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ခေါ်ယူခဲ့ပြီး ပြည်နယ်အဆင့်မှာ မှတ်ပုံတင်ဖို့ ဆုံးဖြတ်ထားပါတယ်။
စစ်ကောင်စီထံ ပြန်လည်မှတ်ပုံတင်ရတာဟာ ပါတီဆက်လက်ရှင်သန်ရေးအပါအဝင် ပြည်သူလူထုနဲ့ ထိတွေ့နိုင်ဖို့ ပါတီမှတ်ပုံတင်ရတာလို့ မွန်ညီညွတ်ရေးပါတီက ပြောဆိုထားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ပါတီရပ်တည်ရေးနဲ့ နိုင်ငံရေးပြဿနာကို ရွေး ကောက်ပွဲကနေတဆင့် ဖြေရှင်းဖို့အကြောင်းပြချက်နဲ့ ပါတီမှတ်ပုံတင်မှုဟာ စစ်ကောင်စီ တရားဝင်မှုဖြစ်အောင် ထွက် ပေါက်ပေးတာလို့ ဝေဖန်တာပါ။
“သူတို့ဟာ (မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီ) စစ်ကောင်စီတည်ရှိမှုနဲ့ စစ်ကောင်စီရဲ့ ရေရှည်တိုင်းပြည်အုပ်ချုပ်သွား မှုကို ပုံသဏ္ဍာတစ်မျိုးနဲ့ ယူနီဖောင်းချွတ်ပြီး ခေါင်းပေါင်းဝတ်နဲ့ တက်လာမယ့် စစ်ကောင်စီထဲက ပုဂ္ဂိုလ်တွေ နိုင်ငံအကြီးအကဲဖြစ်လာဖို့ ဝိုင်းဝန်းထောက်ခံနေတဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်လို့ ကျွန်တော်တို့က သုံးသပ်လို့ ရပါတယ်” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
မွန်ညီညွတ်ရေးပါတီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း အပါအဝင် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကိုယ်စားလှယ် ၁၂ နေရာ အနိုင် ရရှိခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နှောင်းပိုင်းမှာတော့ စစ်ကောင်စီနဲ့ ပူးပေါင်းခဲ့ပြီး စစ်ကောင် စီအဖွဲ့ဝင်အဖြစ် ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့်မှာ အနိုင်ရကိုယ်စားလှယ် ၂ ဦး စေလွှတ်ထားပါတယ်။
တိုင်းရင်းသားအရေးလေ့လာသူတစ်ဦးကလည်း ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် လူနည်းစု တိုင်းရင်းသားပါတီဟာ စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီကို ယှဉ်ပြိုင်နိုင်ဖို့ မလွယ် သလို ဥပဒေကန့်သတ်ချက်တွေကြောင့် စစ်ကောင်စီ ရွေးကောက်ပွဲကလည်း ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီမှု မရှိဘူးလို့ ပြောပါတယ်။
“ကံကောင်းလို့ သူတို့ ဒီရွေးကောက်ပွဲမှာ ရွေးကောက်ခံခဲ့ရရင်တောင် PR စနစ်ကြောင့် ကြံ့ခိုင်ရေးပါတီကြီး တွေနဲ့ ကိုယ်စားလှယ်ခွဲဝေမှုတို့ လုပ်ရဦးမယ်။ ဆိုတော့ လူနည်းစုတိုင်းရင်းသားနိုင်ငံရေးပါတီအတွက်တော့ လုံးဝအဆင်မပြေတဲ့ ရွေးကောက်ပွဲကန့်သတ်ချက်တွေဟာ ဒီမိုကရေစီစနစ်နဲ့လည်း လုံးဝကိုက်ညီမှု မရှိဘူး။ ဖက်ဒရယ်စနစ်ဆိုရင် ပိုလို့တောင် ဝေးသွားပြီ”လို့ သူက ဆိုပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကတော့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့အတွက် မွန်ညီညွတ်ရေးပါတီအနေနဲ့ပါဝင်ဖို့ မသင့်တော်သလို ပါတီမှတ်ပုံတင်စရာမလိုဘူးလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။
လက်ရှိမှာတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မတ် ၁၃ ရက်နေ့အထိ ပါတီတည်ထောင်ခွင့်နဲ့ မှတ် ပုံတင်ခွင့် လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၂၁ ခုရှိနေပြီး ပြည်ထောင်စုတဝန်းစည်းရုံးမယ့် ၅ ပါတီနဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးမယ့် ၁၆ ပါတီ ရှိနေပါတယ်။
အဲဒီပါတီတွေကို ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်က ဆက်လက်စိစစ်နေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်