တနင်္သာရီ – မတ်(၁၅)
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအခြေစိုက် စစ်ကောင်စီ ခ.မ.ရ- ၅၆၁ တပ်နားမှာ စစ်တပ်ဘက်က ထောင်ထားတဲ့ မိုင်းကို တပ်မိသားစုဝင်တစ်ဦး ပြန်နင်းမိပြီး ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မတ်လ(၁၄) ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ ခ.မ.ရ-၅၆၁ တပ်အနီးက စစ်တပ်ပိုင် သီဟိုဠ်ခြံထဲမှာ တပ်မိသားစုဝင်တစ်ဦး သီဟိုဠ်စေ့သွားကောက်ချိန် နင်းမိခဲ့တာပါ။
“သူ့သားမက်က ၅၆၁ တပ်ထဲက။ သူက တပ်ထဲတော့ လိုက်မနေဘူး။ အပြင်မှာဘဲနေတယ်။ သူတို့တပ်ပတ်လည်မှာ မိုင်းသတိပေးချက် ထုတ်ပြန်ထားတယ်လို့ သိရတယ်။ ဒါပေမယ့် သူက မဖြစ်လောက်ဘူးထင်ပြီး သီဟိုဠ်စေ့ဝင်ကောက်တာမှာ မိုင်းထိသွားတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
မိုင်းထိသွားသူဟာ အသက်(၄၇) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အေးမူဆိုသူဖြစ်ပြီး မိုင်းနင်းမိလို့ သူ့ရဲ့ ညာဘက်ခြေထောက်ပြင်းထန်ဒဏ်ရာရရှိသွားတဲ့အတွက် မြိတ်မြို့က စစ်ဆေးရုံကို ပို့ထားရတယ်လို့ သိရပါတယ်။
တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်တွေဟာ သူတို့ရဲ့ တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်မှာ ဆိုးရိမ်လို့ မြေမြှုပ်မိုင်းတွေ ထောင်ထားပြီး ကန့်သတ်ဧရိယာ အဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီနေရာတွေကို တပ်မိသားစုဝင်တွေ သွားလာတာ မလုပ်ကြဖို့လည်း တားမြစ်ထားတယ်လို့လည်း သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ