မော်လမြိုင် – မတ်(၁၄)
နိုင်ငံတကာအနေနဲ့ ပြည်သူတွေကို လေကြောင်းနဲ့ နေရာစုံ ဗုံးကြဲသတ်ဖြတ်နေမှုတွေ တားဆီး နိုင်ဖို့ လေယာဉ်နဲ့ လေယာဉ်ဆီတင်သွင်းမှုတွေကို အမြန်ဆုံး ပိတ်ဆို့ တားဆီးပေးဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တောင်းဆိုလိုက်ပါတယ်။
ဒီနေ့ မတ်လ(၁၄) ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၁၀) ကြိမ် မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ အခုလိုပြောခဲ့တာပါ။
“စစ်အုပ်စုရဲ့ အဓိက ဝင်ငွေလမ်းကြောင်းများကို ဖြတ်တောက်ဖို့နှင့် ပြည်သူလူထုကို ရက်စက်စွာ သတ်ဖြတ်နေသည့် လက်နက်ခဲယမ်းများ တင်သွင်းမှုကို ရပ်တန့်ပိတ်ဆို့ဖို့နှင့် လေကြောင်းဖြင့် နေရာစုံ ဗုံးကြဲသတ်ဖြတ်နေမှုများကို တားဆီးနိုင်ရန် လေယာဥ်နှင့် လေယာဥ်ဆီတင်သွင်းမှုများ ကို အမြန်ဆုံး ပိတ်ဆို့တားဆီးပေးနိုင်ဖို့ တောင်းဆိုလိုပါတယ်” လို့ NUG ယာယီသမ္မတ က ပြောခဲ့ ပါတယ်။
ဒါ့အပြင် နိုင်ငံတကာနဲ့ အိမ်နီးချင်းမိတ်ဆွေနိုင်ငံတွေအနေနဲ့လည်း စစ်အုပ်စုရဲ့ လူမဆန်စွာ အကြမ်းဖက် သတ်ဖြတ်နေမှုတွေကို ရပ်တန့်နိုင်ဖို့ အတွက် ထိရောက်စွာ ကူညီပေးကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ တာတိုင်ကျေးရွာနဲ့ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်း ကျေးရွာက သံဃာတော်တွေနဲ့ ပြည်သူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့အတွက် မိသားစုဝင်ကို ဝမ်းနည်းကြောင်း အလေးအနက်ထား မေတ္တာရပ်ခံ လိုတယ်လို့ ဆိုခဲ့ပါတယ်။
နွေဦးတော်လှန်ရေးမှာ အသက်ပေးပြီး ကျဆုံးသွားသူတွေဟာ တော်လှန်ရေးနဲ့ တိုင်းပြည် အတွက် သူရဲကောင်းများဖြစ်သလို သူတို့ရဲ့ ပေးဆပ်အနစ်နာခံခဲ့မှုတွေကို အမြဲသတိရ ဂုဏ်ပြုနေမှာဖြစ်ပြီး စစ်ကောင်စီတပ်တွေက အသက်ကို ထုတ်ယူသွားပေမယ့် ပြည်သူ တွေရဲ့ တော်လှန်ရေး စိတ်ဓာတ်ကို ချိုးနှိမ်နိုင်မှာ မဟုတ်ဘူးလို့ ယာယီသမ္မတက ပြောခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် အရပ်သား သုံးထောင်ကျော် သေဆုံးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်ထားပြီး လေကြောင်းတိုက်ခိုက်ခံထားရတဲ့ ဒေသတွေက သမိုင်းဝင် နေရာတွေနဲ့ ပြည်သူတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေ နေ့စဉ်လိုလို ဖြစ်နေတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့အပါအဝင် ပြည်ထောင်စု ဝန်ကြီးတွေ နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်