ရန်ကုန် – မတ်(၁၃)

သက်ငယ်မုဒိမ်းမှုအပါအဝင် အပြင်းအထန်နာကျင်စေမှုတွေနဲ့ တရားစွဲခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာ၊သူ့ရဲ့ အမျိုးသမီးဖြစ်သူ ဒေါ်ဖူးငုံပွင့်နဲ့ မင်းရာဇာရဲ့ မန်နေဂျာဖြစ်သူ ဦးအောင်လွင်စိုး (ခ) ရခိုင်လေးတို့ သုံးဦးကို ထောင်ဒဏ်(၅) နှစ်စီချမှတ်လိုက်တယ်လို့ တရားလို ရှေ့နေ က သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီနေ့ မတ်လ(၁၃) ရက်နေ့ မှာ သူတို့ကို အပြင်းအထန်နာကျင်စေမှု ပုဒ်မ – ၃၂၆/၃၄ နဲ့ မြောက်ဥက္ကလာပ မြို့နယ်တရားရုံးမှာ အမိန့်ချမှတ်ခဲ့တာပါ။

“ဒီအမှုက နှစ် (၂၀) အထိပြစ်ဒဏ်ချနိုင်တယ်။ ဒါကြီးကလည်း တကယ်ဖြစ်ရပ်မှန်ကြီးဖြစ် နေတယ်။ ကလေးလေးကလည်း တကယ်ဖြစ်သွားတာ ဆေးရုံမှာလည်း လူသိရှင်ကြားဖြစ်။ အဲလိုအမှုမျိုးကို ခရိုင်မှာ စစ်ပေးသင့်ပြီးတော့ ပြစ်ဒဏ်ကလည်း အပြည့်တောင်ချလို့ရတယ်။ ကျွန်မတို့ခရိုင်တို့တိုင်းတို့ထိမြို့နယ်ရုံးကအမှုကိုပေါင်းစစ်ဆေးပေးဖို့လျှောက်တာပလပ်ခံခဲ့ရတော့မြိုနယ်ရုံးရဲ့အာဏာအရတော့၇နှစ်ထိချမှတ်လို့ရတာကို၅နှစ်ဆိုတော့အင်မတန်နည်းတယ်” လို့ တရားလိုဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်သဇင်အေးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် အမှုနဲ့ ပတ်သက်ပြီး ထပ်တိုး ပြစ်ဒဏ်ချမှတ်နိုင်ဖို့အတွက် ခရိုင်၊တိုင်းနဲ့ နေပြည်တော် တရား လွှတ်တော်ချုပ်အထိ ထပ်မံ တင်သွားဖို့ ရှိတယ် လို့ သူက ပြောသေးတယ်။

သရုပ်ဆောင် မင်းရာဇာအပါအဝင် (၄) ဦးကို လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ် ဧပြီလက သက်ငယ်မုဒိမ်းမှု အပါအဝင် အပြင်းအထန်နာကျင်စေမှုတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

သက်ငယ်မုဒိမ်းမှု ပုဒ်မ ၃၇၆ ကိုတော့ အရှေ့ပိုင်းခရိုင်တရားရုံး(လက်ရှိ သင်္ယန်းကျွန်းခရိုင် တရားရုံး) မှာ စစ်ဆေးနေပြီး အပြင်းအထန် နာကျင်စေမှု ကိုတော့ မြောက်ဥက္ကလာပမြို့နယ် တရာရုံးမှာ စစ်ဆေးခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်မ အနေနဲ့ ပြောရမယ်ဆိုရင် မင်းရာဇာရဲ့ မိန်းမက လည်း မိန်းကလေးတစ်ယောက်ဖြစ် တယ်။ ဒီလိုမျိုးမလုပ်သင့်ဘူးလို့ မြင်တယ်။ အခုတော့ အကုန်လုံးထောင်ချခံရတော့တာပါပဲ” လို့ နစ်နာသူဘက်က ကူညီပေးနေတဲ့ ဒေါ်နော်အုံးလှက သံလွင်တိုင်းမ် ကိုပြောပါတယ်။

အမှုကို စစ်ဆေးနေရင်း အာဏာသိမ်းစစ်ကောင်စီက မုဒိမ်းမှုနဲ့ တခြား ပြစ်မှုတွေအပါအဝင် အမှုတွေကို ပိတ်သိမ်းဖို့ ၂၀၂၁ ခုနှစ်က အမိန့်ထုတ်ခဲ့ပေမယ့် ဒီအမှုကို မပိတ်သိမ်းသင့်ကြောင့် ပြန်လည်လျှောက်ထားခဲ့ပြီးနောက် တရားရုံးက လက်ခံကာ အမှုကို ပြန်လည် စစ်ဆေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဆက်လက်ပြီး သင်္ဃန်းကျွန်း ခရိုင်တရားရုံးမှာ သရုပ်ဆောင်မင်းရာဇာကို စစ်ဆေးနေတဲ့ မုဒိမ်းမှု ၃၇၆ အတွက် အပြီးသတ် အမိန့် ချမှတ်ဖို့ရှိနေပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.